သံတိုင်နောက်က မှတ်တမ်းများ စာအုပ် ထွက်ရှိ

  • 6 ဇူလိုင် 2011
monks protests
Image caption ၂၀၀၇ ခုနှစ်တုန်းက သံဃာတွေ စုပေါင်း ဆန္ဒပြခဲ့ကြ

၂၀၀၇ ခုနှစ်တုန်းက လောင်စာဆီစျေး တက်မှု ကြောင့် သံဃာနဲ့ ပြည်သူတွေ ဆန္ဒပြမှု ဖြစ်ခဲ့တဲ့ ရွှေဝါရောင် သံဃာ့ လှုပ်ရှားမှု သုံးနှစ်မြောက် အထိမ်းအမှတ် အဖြစ် ရည်ရွယ်ပြီး ထောင်ကျခံရတဲ့ ရဟန်း သံဃာတွေရဲ့ အတွေ့အကြုံတွေကို စုစည်း ဖော်ပြထားတဲ့ စာအုပ်တအုပ်ကို ပြည်ပ ရောက် သံဃာ့ ဥသျှောင်အဖွဲ့က ထုတ်ဝေ လိုက်ပါတယ်။

သံတိုင်နောက်က မှတ်တမ်းများ ဆိုတဲ့ အဲဒီ စာအုပ်ထဲမှာ ထောင်က လွတ်လာတဲ့ သံဃာတွေနဲ့ ထောင်ထဲမှာ သံဃာတွေနဲ့ အတူနေခဲ့ရသူ တချို့ ရေးသားထားတဲ့ ဆောင်းပါး ၁၁ ပုဒ်ကို စုစည်း ဖော်ပြ ထားပါတယ်။

ထောင်ထဲမှာ ရောက်နေတဲ့ သံဃာတွေအပေါ် ထောင်ဝန်ထမ်းတွေရဲ့ ဆက်ဆံပုံ၊ ထောင်ထဲ မှာ သံဃာတွေ နှိပ်စက်ခံရပုံ၊ ပေါ်တာ ထုတ်ခံရပုံတွေကို ကွက်ကွက် ကွင်းကွင်း ဖေါ်ပြထား ပါတယ်။

ထောင်ကျနေတဲ့ သံဃာတွေကို သံဃာလို မဆက်ဆံဖို့ အထက်က ညွှန်ကြားထားတာမျိုးတွေ ရှိနေတဲ့အတွက် သာမန်လူကိုတောင် သုံးလေ့ မရှိတဲ့ အယုတ်ညံ့ဆုံး အသုံးအနှုန်းတွေနဲ့ ထောင်ဝန်ထမ်းတွေက ဆဲဆိုတာမျိုးတွေကို ထောင်ကျ သံဃာတွေ ခံရလေ့ ရှိတယ်လို့ အကျဉ်းထောင်ထဲမှာ ၁၆နှစ် နေခဲ့ရပြီး အခုအခါ ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ ဆောင်းပါးရှင် အသျှင် ဦးဇဝနက ဘီဘီစီကို ပြောပါတယ်။

အဖမ်းခံရ အပြီး ထောက်လှမ်းရေး စခန်းတွေ ရောက်တဲ့အခါ သင်္ဃန်း အချွတ်ခံရပြီး အရင် အကျဉ်းသားတွေ ဝတ်သွားတဲ့ ချွေး သွေးတွေ ပေနေတဲ့ အဝတ်တွေကို သံဃာတွေ ဝတ်ရလေ့ ရှိတယ်လို့လည်း ဆိုပါတယ်။

၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့ အရေးအခင်း အပြီးမှာ အထိန်းသိမ်းခံ ရဟန်း သံဃာတွေ အပေါ် နိုင်ငံရေး ပုဒ်မ လုံးဝ မတပ်တော့ပဲ သာသနာ ညှိုးနွမ်းစေမှု ဆိုတဲ့ ပုဒ်မ ၂၉၅ နဲ့ပဲ တရားစွဲဆိုလေ့ရှိကြောင်း၊ ဒီလို ပုဒ်မ တပ်လိုက်ခြင်းအားဖြင့် အကျဉ်းထောင်ထဲမှာ ရှိနေတဲ့ သံဃာတွေဟာ နိုင်ငံရေး အကျဉ်းသားတွေ မဟုတ်တော့ပဲ ရိုးရိုး ရာဇဝတ် အကျဉ်းသားတွေ ဖြစ်သွားကြောင်း အသျှင်ဦးဇဝနက ပြောပါတယ်။