မိုးကြီးလို့ လယ်တွေ ရေထဲ မြုပ်ကုန်

  • 7 ဇူလိုင် 2011
burmese farmers
Image caption လယ်တွေ ရေထဲ မြုပ်ကုန်လို့ လယ်သမားကြီး တွေ အခက်တွေ့နေ

ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းမှာ သီတင်း တပတ်ကျော်လောက် ဆက်တိုက် မိုးကြီး ခဲ့တဲ့အတွက် ဧက သောင်းနဲ့ ချီတဲ့ စပါးခင်း တွေ ရေမြုပ်နေဆဲ ဖြစ်ပါတယ်။

ဖေါက်ချသင့်တဲ့ ရေတံခါးတွေကို သက်ဆိုင်ရာက ဖေါက်ချပေး နေပေမယ့်လည်း ကဝမြို့နဲ့ ခရမ်း မြို့နယ် တွေမှာ လယ်ဧက ၂သောင်းခွဲလောက် ရေမြုပ်နေဆဲပဲလို့ ခရမ်း ဒေသခံ လယ်သမား ကြီးလည်း ဖြစ်၊ ရှေ့နေကြီးလည်း ဖြစ်တဲ့ ဦးသန်းဆွေ က ဘီဘီစီကို ပြောပြပါတယ်။

ကဝမြို့နယ် တမြို့နယ်လုံးနဲ့ ခရမ်းမြို့နယ် အနောက်ခြမ်း၊ အရှေ့ခြမ်းနဲ့ မြောက်ခြမ်းတွေမှာ ရှိတဲ့ လယ်တွေ အားလုံး ရေမြုပ်ကုန်ပြီး သုံးခွမြို့နယ်မှာတော့ တောင်ဘက်ခြမ်းထက် မြောက်ဘက်ခြမ်းက အခြေအနေ ဆိုးတယ်လို့ ဆိုပါတယ်။

လယ်ပိုင်ရှင်အများစုဟာ အရင်လကပဲ မိုးကြီးပြီး နစ်မြုပ်ခဲ့တဲ့ လယ်တွေကို အစားထိုး ပြန်စိုက် ထားပြီးကာမှ ခုတခါ ထပ်မြုပ်ပြန်တဲ့အတွက် နောက်ထပ် ပြန်စိုက်ဖို့ မျိုးစပါး အခက်အခဲ ရှိနေတယ်လို့လည်း ပြောပါတယ်။

အလားတူ ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်နဲ့ လက်ပံတန်း မင်းလှမြို့နယ်ဘက်မှာလည်း မိုးကြီးပြီး လယ်မြေ ဆုံးရှုံးမှုတွေ ရှိနေသလို ငါးဖမ်းသူတွေက အောက်လယ်ထဲကနေ ရေပိတ်ပြီး ငါးဖမ်း ကြတဲ့အတွက် လယ် ပျက်စီးတာတွေလည်း ရှိနေတယ်လို့ ပဲခူးဒေသခံ တဦးက ပြောပါတယ်။

တခါ ကော့မှူး၊ ကွမ်းခြံကုန်း၊ တွံတေး ဘက်တွေမှာလည်း လယ်တွေ ရေမြုပ်ခဲ့ပြီး တချို့ လယ်တွေမှာ ပြောင်သလင်း ခါအောင် စပါးပင်တွေ သေသွားတယ်လို့ သိရပါတယ်။

အခု ရေမြုပ်သွားတဲ့ လယ်ပိုင်ရှင်တွေရဲ့ တဧက စိုက်ပျိုးစရိတ်ဟာ ၈သောင်းကနေ ၁သိန်းခွဲ ဝန်းကျင်ကြားမှာ ကုန်ကျ ထားတယ် လို့ သိရပါတယ်။

အခုဆိုရင် မျိုးစပါးဟာ ၁တင်းကို ၆ထောင် ဝန်းကျင်စျေး ပေါက်နေတဲ့အပြင် ပြန်ပျိုးထောင် ရဦးမယ် ဆိုရင် စပါးစိုက်ဖို့ စကောစက အခြေအနေကို ရောက်သွားနိုင်လို့ စပါးစိုက် တောင်သူ တွေ စုပေါင်းပြီး အစိုးရထံမှာ အကူအညီ တောင်းခံဖို့ စီစဉ်နေကြတယ်လို့ သိရပါတယ်။