အိုင်စီအာစီ အကျဉ်းထောင် ကြည့်ခွင့် ပြန်ရ

  • 6 ဇူလိုင် 2011

လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ် ကတည်းက မြန်မာ အကျဉ်းထောင် တွေထဲကို သွားရောက် ခွင့် ပိတ်ပင် ခံထား ရတဲ့ အိုင်စီ အာစီ ကမ္ဘာ့ ကြက်ခြေနီ အဖွဲ့ဟာ အခု ဇူလိုင် လဆန်းက စတင်ပြီး အကျဉ်းထောင် တွေဆီ သွားရောက် ခွင့်ရ ခဲ့ ပါတယ်။

Image caption ခြောက်နှစ် အတွင်း ပထမဆုံး အကြိမ် ထောင် တွေထဲ သွားကြည့် ခွင့်ရ

ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်နဲ့ ၂ ရက်နေ့တုန်းက ဖားအံ၊ မော်လမြိုင်နဲ့ မြောင်းမြထောင် တို့ကို အိုင်စီအာစီ ဝန်ထမ်းတွေ သွားရောက် နိုင်ခဲ့ကြ ပါတယ်။

မြန်မာ အကျဉ်းထောင်တချို့ကို ၆ နှစ်အတွင်း ပထမဆုံးအကြိမ် သွားရောက်ခွင့် ရခဲ့တာအပေါ် အပြု သဘော ကြိုဆိုတယ်လို့ အိုင်စီအာစီ ရဲ့ အရှေ့ အာရှ၊ အရှေ့တောင် အာရှ နဲ့ ပစိဖိတ် ရေးရာ ဒေသ ပြောရေး ဆိုခွင့် ရှိသူ ဖိလစ် စတောလ်က ဘီဘီစီကို ပြောပါတယ်။

ဒါပေမဲ့ အခု ရတဲ့ ဆန်းစစ်ခွင့်ကတော့ အိုင်စီ အာစီ ရဲ့ ထုံးစံ အရ အကျဉ်း ထောင်တွေကို အပြည့် အဝ သွားရောက် စစ်ဆေး နိုင်တဲ့ အခြေ အနေမျိုး မဟုတ်သေး ပါဘူး။

အကျဉ်းသားတွေ ကိုတော့ မတွေ့နိုင် သေးပဲ ထောင်ရဲ့ ရေ ရရှိမှုနဲ့ သန့်ရှင်းရေး ဆိုင်ရာ ယေဘုယျ အခြေအနေတွေ ကိုသာ သွားရောက် လေ့လာနိုင်ခဲ့ တယ်လို့ ကြက်ခြေနီ အဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။

အိုင်စီအာစီဟာ ၁၉၉၉ ခုနှစ်ကနေ ၂၀၀၅ ထိ အကျဉ်းသား တွေကို ကျန်းမာရေး အပါအဝင် အကူအညီ အမျိုးမျိုး ပေးနိုင်ခဲ့ပါတယ်။

၂၀၀၅ နောက်ပိုင်း မှာတော့ အစိုးရရဲ့ ကန့်သတ်ချက် တွေကြောင့် သွားရောက် နိုင်ခြင်း မရှိခဲ့ တော့ပါဘူး။

အဲဒီတုန်းက ကန့်သတ်ချက် တွေထဲမှာ ပြည်ထောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေး အဖွဲ့နဲ့ အတူ ပူးတွဲ သွားရမယ်ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။

အိုင်စီအာစီကို အခု အချိန်မှာ အကျဉ်းထောင် တွေထဲ ပြန်လည် ဝင်ခွင့် ပေးခဲ့တာ ဘာကြောင့် လဲ ဆိုတာ မသိရပေမဲ့ အခုလို အဆင့်ကနေ နောင်မှာ အပြုသဘော ဆောင်တဲ့ အဆင့်တွေ အထိ ပိုမို တက်လှမ်း သွားနိုင်မယ်လို့ မျှော်လင့်ကြောင်း အဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြော ပါတယ်။