တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းသန်း ဖယ်ရှားခံရ

  • 8 ဇူလိုင် 2011

မြန်မာ နိုင်ငံ အတွင်း စစ်တိုင်း တချို့မှာ စစ်တိုင်းမှူး ခြောက်ယောက်ကို ပတ်လည် နေရာ ရွှေ့ပြောင်းမှုတွေ ပြုလုပ်ခဲ့ပြီး ရက်ပိုင်း အတွင်းမှာပဲ ရန်ကုန်တိုင်းကနေ တောင်ပိုင်းတိုင်းကို ရွှေ့ပြောင်း ခံခဲ့ရတဲ့ တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းသန်းကို စစ်ရုံးချုပ်က တာဝန်ကနေ အနား ပေးလိုက်တယ်လို့ သတင်းတွေ ရရှိပါတယ်။

ဓာတ်ပုံ မူပိုင် BBC World Service
Image caption စစ်တိုင်းမှူးတွေ နေရာ ပြောင်းပြီး မကြာခင် တောင်ပိုင်းတိုင်း တိုင်းမှူး နုတ်ထွက်ရ

ဇူလိုင်လ ၅ ရက်နေ့က သူ့ကို ရာထူးကနေ ဖယ်ရှား လိုက်တယ်လို့ စစ်ရုံးနဲ့ နီးစပ်သူတွေက ဘီဘီစီကို ပြောပါတယ်။ ဒါ့အပြင် ပြည်တွင်း သတင်း မီဒီယာ တွေကို စုံစမ်းကြည့်ရာ မှာလည်း အလားတူ ပြောကြ ပါတယ်။

ဗိုလ်မှူးချုပ် ထွန်းသန်းက ရန်ကုန်တိုင်းကနေ သူတာဝန် ပြောင်းရွှေ့ခံရတဲ့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် ကို ရောက် ရောက်ချင်း ဖမ်းဆီးခံခဲ့ရတာ လို့လည်း သိရ ပါတယ်။

လောလောဆယ် သူ့ကိုရော သူ့ဇနီးကိုပါ သက်ဆိုင်ရာက စစ်ဆေး မေးမြန်း နေတယ် လို့လည်း သိရ ပါတယ်။

သူ့ကို ဖမ်းဆီး စစ်ဆေးတာ ဘာကြောင့် ဖြစ်တယ် ဆိုတဲ့ အကြောင်းရင်းကို တိတိကျကျ မသိရသေး ပေမဲ့ မြေယာနဲ့ ဆိုင်တဲ့ ကိစ္စ တွေမှာ ကိုယ်ကျိုး အတွက် လုပ်ဆောင် တာတွေ ရှိခဲ့တယ် ဆိုတဲ့ စွပ်စွဲမှုတွေနဲ့ စစ်ဆေးခံ နေရတယ်လို့ ပြောဆိုမှုတွေ ရှိနေပါတယ်။

ဗိုလ်မှူးချုပ် ထွန်းသန်းဟာ ပြီးခဲ့တဲ့ တပတ်ကပဲ ကာကွယ်ရေး ဦးစီးချုပ် အသစ်က နေရာ ရွှေ့ပြောင်း တာခံခဲ့ကြရတဲ့ စစ်တိုင်းမှူး ခြောက်ယောက်ထဲမှာ တစ်ယောက် အပါအဝင် ဖြစ်ပါတယ်။