မြန်မာ စစ်တပ်ဟာ ကလေး စစ်သား စုဆောင်းဆဲ

  • 9 ဇူလိုင် 2011
Burma ဓာတ်ပုံ မူပိုင် Reuters
Image caption မြန်မာ စစ်တပ်ဟာ ကလေးစစ်သား တွေကို အဓမ္မ စုဆောင်းဆဲ ဆိုတဲ့ အထောက် အထား တွေရှိနေ

မြန်မာ နိုင်ငံဟာ ဒီမို ကရေစီ စံနစ်ဆီ သွားနေပြီ၊ ဆင်းရဲ မွဲတေ မှုကို တိုက်ဖျက် နေပြီ လို့ ကြွေးကြော်နေ ပေမယ့် ဆင်းရဲတဲ့ လူတန်းစား တွေရဲ့ အသက် မပြည့် သေးတဲ့ ကလေး တွေကို သင်္ဘောဆိပ် တွေ ဘူတာရုံတွေ ကနေ အတင်း ဆွဲခေါ်ပြီး စစ်တပ် ထဲကို ဆွဲသွင်း နေတဲ့ လုပ်ရပ်တွေ ဒီအချိန် အထိ ရှိနေ တာကို ကလေးစစ်သား တွေရဲ့ ဆွေမျိုးတွေက ပြောပါ တယ်။

အသက် ၁၂ နှစ်အရွယ် မောင်သိန်းမင်းထိုက်နဲ့ ၁၅ နှစ်အရွယ် မောင်အောင်ကို ဆိုတဲ့ ညီအကို နှစ်ဦးဟာ အလုပ် ရှာဖို့ ရန်ကုန်ကို တက်လာရင်း၊ သင်္ဘောဆိပ်မှာတင် ကလေး စစ်သား အဖြစ် စုဆောင်း ခံ လိုက်ရကြောင်း မိခင် ဖြစ်သူ ဒေါ်စန်းအေးက ပြောပါတယ်။

အခုအခါ ကလေး နှစ်ဦးဟာ သထုံ လေ့ကျင့်ရေး ၉ စခန်း မှာရှိနေတယ်လို့ သူကဆိုပြီး မောင်သိန်းမင်းထိုက်ရဲ့ကိုယ်ပိုင်နံပါတ်က ၄၄၉၇၀၁၊ အကို မောင်အောင်ကို ရဲ့ကိုယ်ပိုင် နံပါတ်က ၄၄၉၇၀၂ လို့ သာသိထား ကြောင်းလည်း သူက ပြောပါတယ်။

သူတို့ မိသားစုဟာ ဘောက်လုပ်တယ်လို့ ခေါ်တဲ့ ကြုံရာ ကျဖမ်း အလုပ်နဲ့ အသက်မွေး ကြသူ တွေပါ။

ပြီးခဲ့တဲ့ နှစ်ပတ် လောက်ကလည်း သူ့ရဲ့ တူတော် စပ်သူ အသက် ၁၆ နှစ် အရွယ် စိတ်မနှံ့တဲ့ ကလေး တဦးကိုလည်း အလားတူ စစ်တပ်က ခေါ်သွား ခဲ့တယ် လို့ သူက ပြောပါတယ်။

နောက်ထပ် သားပေျာက်ရှာနေသူ တဦးကတော့ ဝမ်းစာအတွက် ဒန်အိုးဖာ၊ ဗေဒင်ဟောတဲ့ အလုပ်တွေနဲ့ လှည့်လည်သွား လာရင်း နေရာ အနှံ့က စစ်တပ်တွေကို လိုက်စုံစမ်းခဲ့ ပြီး ကိုးလ အကြာမှာ သားဖြစ်သူ ရွှေဘို ကျောက်မြောင်းက ခလရ ၁၂ မှာရှိနေတာ သိခဲ့ရ တယ်လို့ ပြောပြ ပါတယ်။

အဲဒီလို ဆင်းရဲ နွမ်းပါးတဲ့ မိသားစုတွေဆီက၊ ကလေး တွေကို စစ်တပ်ထဲ က တပ်ကြပ်တွေ၊ အရာရှိ ငယ်တွေက ပစ်မှတ်ထားပြီး ခြိမ်းခြောက် လို့ဖြစ်စေ၊ စည်းရုံး လို့ဖြစ်စေ တပ်ထဲကို ခေါ်သွင်း နေကြပုံကို၊ ကလေး စစ်သား ပြဿနာ အတွက် ILO ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ်နဲ့ ပူးပေါင်း ကူညီနေသူ တဦးက ပြောပြပါတယ်။

ဒီကလေး စစ်သားတွေ တပ်မှာ မနေနိုင်လို့ ထွက်ပြေးတဲ့ အခါ တရားသူကြီးတွေက ထောင်ဒဏ် အပြစ်မပေးသင့် ဘူးလို့ သူက ဆိုပါတယ်။