အစိုးရတပ်ရဲ့ ကျည်ထိပြီး အရပ်သား တစ်ဦးသေ

  • 9 ဇူလိုင် 2011
Image caption အစိုးရဘက်က၂ ဦးကျပြီး၊ ကေအိုင်အေက ထိခိုက်မှု မရှိခဲ့ဘူးလို့ဆို

ကေအိုင်အေ နဲ့ အစိုးရ စစ်တပ်အကြား ပစ်ခတ်မှုတွေ ဆက်လက်ဖြစ်ပွားနေရာ အစိုးရဘက်က လက်နက်ကြီးနဲ့ လှမ်းပစ် တာကြောင့် အပြစ်မဲ့ ရွာသူတဦး သေဆုံး ပြီး နောက်တဦး ဒဏ်ရာ ရရှိသွားပါတယ်။

သောကြာ ညနေပိုင်းက ကချင်ပြည်နယ် စင်းခန်းကြီး ရွာ အနီးမှာ ကေအိုင်အေ တပ်မဟာ (၃) ၊ ရင်း(၁၂) မှ တပ်ဖွဲ့ဝင်တွေနဲ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) လက်အောက်ခံ အစိုးရ စစ်တပ်အကြား ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ရာမှာ အစိုးရ စစ်တပ် ဘက်က (၂) ဦး ကျဆုံးခဲ့ ကြောင်းသိရပြီး ကေအိုင်အေ ဘက်ကတော့ ထိခိုက်မှု မရှိခဲ့ဘူးလို့ ကေအိုင်အေ ရှေ့တန်း စစ်ဘက် သတင်း ရပ်ကွက် အဆိုအရ သိရပါတယ်။

အဲဒီလို (၂) ဦး ကျဆုံးခဲ့ရပြီးတဲ့နောက် မပခ လက်အောက်ခံ ခလရ (၇၄) ကနေ ကေအိုင်အေ ထိန်းချုပ် နယ်မြေဘက်ဆီကို လက်နက်ကြီးနဲ့ လှမ်းထုရာမှာ မန်စီမြို့နယ် ‘ဝင်းစင့်’ ရွာအနီး လယ်ကွက်အတွင်း ကျရောက်ခဲ့တဲ့အတွက် လယ်ကွက်အတွင်း လယ်ယာလုပ်ငန်း လုပ်ကိုင် နေတဲ့ ‘ဝင်းစင့်’ ရွာသူတဦး ကျည်သင့် ထိမှန် သေဆုံးခဲ့ရပြီး တခြားတဦး ဒဏ်ရာ ရရှိ ခဲ့တယ်လို့ သိရပါတယ်။

သေဆုံးခဲ့သူကတော့ ရှမ်း ဗမာ အမျိုးသမီးငယ် ‘ဘုတ်ဆုံမ’ အသက်(၁၆) နှစ်ခန့်ဖြစ်ပြီး ဒဏ်ရာရခဲ့သူကတော့ ‘မဝင်း’ အသက် (၂၄) နှစ်ဖြစ်ကြောင်း ကေအိုင်အေ ရှေ့တန်း စစ်ဘက် သတင်းရပ်ကွက်အရ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး သီးခြား အတည်ပြုချက် ရယူနိုင်ခြင်းတော့ မရှိသေးပါဘူး။

သောကြာနေ့ ညနေ (၆) နာရီကျော်ကနေ ည (၉) နာရီကျော် အထိ အတွင်းမှာလည်း ကေအိုင်အေနဲ့ အစိုးရ တပ်များ တိုက်ပွဲ စတင်ဖြစ်ပွား ခဲ့ရာ မိုးမောက်မြို့နယ် တာပိန် ရေအား လျှပ်စစ် စက်ရုံ အနားက ကေအိုင်အေ တပ်မဟာ(၃)၊ ရင်း(၁၅)ဂွင် အတွင်းကို အစိုးရ စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ အကြိမ်ပေါင်း များစွာ လှမ်းပစ်ခတ်တာ ရှိကြောင်း ကေအိုင်အေ စစ်ဘက် သတင်း ရပ်ကွက်က ပြောပါတယ်။