ယာယီ အပစ်ရပ်ရေး သဘောတူ စာချုပ် ချုပ်ဖို့ KIO တောင်းဆို

  • 9 ဇူလိုင် 2011
kia_meeting
Image caption အစိုးရ ကိုယ်စားလှယ်တွေနဲ့ KIO အကြား အပစ်ရပ်ရေး ပဏာမ တွေ့ဆုံမှုတွေ လုပ်ခဲ့

KIA ကချင် လွတ်လပ်ရေး တပ်မတော် နဲ့ အစိုးရ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်တိုက် ဖြစ်နေချိန်မှာပဲ ယာယီ အပစ်အခတ် ရပ်ဆိုင်းရေး သဘောတူ စာချုပ် တစ်ခု လက်မှတ် ရေးထိုးဖို့ မြန်မာ အစိုးရကို တောင်းဆိုထားတဲ့ စာကို KIO က ပေးပို့လိုက်ပါတယ်။

ဒီယာယီ အပစ်အခတ် ရပ်ဆိုင်းရေး စာချုပ် ချုပ်ဆိုရတဲ့ ရည်ရွယ်ချက်က စစ်မှန်တဲ့ ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်ဖို့နဲ့ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးမှု ဖြစ်ပေါ်လာဖို့ ဖြစ်တယ်လို့ အဲဒီ စာထဲမှာ ဖေါ်ပြထားပါတယ်။

သဘောတူ စာချုပ် ချုပ်ဆို လက်မှတ် ရေးထိုးပြီးရင် အစိုးရတပ်တွေ မူလ တပ်ရင်းကို ပြန် ဆုတ်ခွာပေးဖို့၊ နှစ်ဘက် တပ်ဖွဲ့တွေရဲ့ စစ်ဆင် လှုပ်ရှားမှုတွေကို ရပ်ဆိုင်း ထားဖို့၊ ယာယီ အပစ်ရပ်ပြီး ၆လ အတွင်း နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးမှုတွေ စတင် အကောင်အထည် ဖေါ်ဖို့ နဲ့ ယာယီ အပစ်ရပ်ဆိုင်းရေး စာချုပ်ကို ၆လ ပြည့်ချိန်မှာ ပြန်လည် သုံးသပ်ဖို့ ဆိုတဲ့ အချက် ၄ချက်ကို KIO ကအဲဒီ ယာယီ စာချုပ်ထဲမှာ တောင်းဆိုထားပါတယ်။

ဒီစာချုပ်အရ တာပိန် ရေအား လျှပ်စစ် ရေကာတာ စီမံကိန်း စက်ရုံနားကနေ အစိုးရတပ်တွေ ပြန်ဆုတ်ခွာပေးရမှာ ဖြစ်ပြီး ဒီကိစ္စမှာ အစိုးရ တပ်တွေ နယ်ကျွံနေတာကြောင့် နောင်ကို ပြဿနာတွေ ပေါ်လာနိုင်တာမို့ အသေအချာ ဆွေးနွေးရမယ်လို့ KIA ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က ဘီဘီစီကို ပြောပါတယ်။

ဒါပေမဲ့ KIO နဲ့ မြန်မာ အစိုးရအကြား ငြိမ်းချမ်းရေး ရဖို့ အဓိက အနှောင့်အတား ဖြစ်နေတဲ့ ပြဿနာက တာပိန် ရေအား လျှပ်စစ် ရေကာတာ စီမံကိန်း စက်ရုံ လုံခြုံရေး ပြဿနာ မဟုတ်ပဲ ဒီကိစ္စက အစိုးရဘက်က သက်သက် အကြောင်းပြတဲ့ ကိစ္စ တစ်ရပ်သာ ဖြစ်တယ်လို့ ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောပါတယ်။

တာပိန် ရေအား လျှပ်စစ် ရေကာတာ စီမံကိန်း စက်ရုံ ကိစ္စ မတိုင်ခင်မှာလည်း မန္တလေး မြစ်ကြီးနား မီးရထားလမ်း တလျှောက် မိုးညှင်း ဟိုပင် ဘက်မှာ KIA တပ်ရင်း ၅ ဌာနချုပ်နားမှာ အစိုးရဘက်က တပ်ကြောင်းတွေ အနီးကပ် လာချတာမျိုးတွေ ရှိခဲ့ပြီး ဝေးလံတဲ့ နေရာမျိုးတွေမို့ လူတွေ သိပ်မသိကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါဟာ KIA ရဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေမှာ အစိုးရ စစ်တပ်က နေရာယူချင်တဲ့ အဓိပ္ပါယ် ဖြစ်ပြီး ကိုယ်လိုချင်တဲ့ ပုံသွင်းတဲ့ သဘောလို့ ယူဆကြောင်း ဗိုလ်မှူး ချုပ် ဂွမ်မော်က ပြောပါတယ်။

အပစ်အခတ် ရပ်စဲရေးအတွက် ပဏာမ တွေ့ဆုံမှုတွေ လုပ်ခဲ့ပြီး ဖြစ်ပေမဲ့ တိုက်ပွဲတွေက ဆက်ဖြစ်နေဆဲမို့ ငြိမ်းချမ်းရေး ရလာရေးနဲ့ ပတ်သက်လို့ လောလောဆယ် မှတ်ချက်ချဖို့ ခက်ခဲတယ်လို့ ဗိုလ်မှူးချုပ် ဂွမ်မော်က ဘီဘီစီကို ပြောပါတယ်။