ရခိုင်​မြောက်​ဦး​ဘုရား​တွေ ထိန်း​သိမ်းဖို့လို

  • 10 ဇူလိုင် 2011

ရခိုင်ပြည်နယ် မြောက်ဦးမြို့က သမိုင်းဝင် ရွှေဂူတောင်စေတီ မကြာမီက ပြိုကျခဲ့ပြီး ဒီလိုပဲ မပြုမပြင် ပစ်ထားမယ်ဆို ရခိုင်ယဉ်ကျေးမှု လက်ရာတွေ ဆုံးရှုံးဖို့ ရှိတယ်လို့ ရှေးဟောင်းသုတေသန အစိုးရ အရာရှိဟောင်းတဦးက ပြောပါတယ်။

Image caption ရခိုင်မြောက်ဦးယဉ်ကျေးမှုနယ်မြေထဲက ကြည်ညိဖွယ်ရာ သမိုင်းဝင် ဘုရားပေါ်ဘုရား

အေဒီ ၇၉၂ ခုနှစ်က ရခိုင်ဘုရင် မင်းဆုမွန်က မြောက်ဦးမြို့တည်ဘုရားအဖြစ် တည်ထားခဲ့တဲ့ ရွှေဂူတောင်စေတီဟာ ဇူလိုင်လ ၁ ရက်က ပြိုကျပြီး ၃ ရက်နေ့မှာတော့ တော်တော်များများ ထပ်ပြိုတယ်လို့ ရှေးဟောင်းသုတေသန ဦးစီး ဌာနက အငြိမ်းစား ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်ထွန်းအောင်က ဘီဘီစီကို ပြောပါတယ်။

မိုးရွာမိုးကောင်းမယ်ဆို တခြားဘုရားစေတီတွေ လည်း ပြိုကျနိုင်တယ်လို့ သူက ဆိုပါတယ်။

မြောက်ဦးမှာ ကောက်ယူထားသလောက် စာရင်းတွေအရ သမိုင်းဝင် ယဉ်ကျေးမှုတန်ဖိုးရှိတဲ့ ဘုရားပုထိုး ၂၈၀ ကျော်ရှိပြီး၊ တောင်ပေါ်တောင်အောက် တောထဲမှာလည်း စာရင်းမတို့ရ သေးတဲ့ ဘုရားပုထိုးတွေ ရှိသေးတယ်လို့ သိရပါတယ်။

အရင်ကလည်း တခြားဘုရားပုထိုးတွေ အခုလိုပဲ ပြိုကျပျက်စီးကုန်တာတွေ ရှိခဲ့တာကြောင့် ရခိုင်သားတွေကတော့ နိုင်ငံတော်အစိုးရနဲ့ ပြည်နယ်အစိုးရ ပူးပေါင်းလို့ ပြုပြင် ထိန်းသိမ်းဖို့ ကို လိုလားနေကြတယ်လို့ သိရပါတယ်။