ရခိုင်ပြည်နယ်မှာ နွားခိုးမှုတွေ များလာ

  • 10 ဇူလိုင် 2011
Image caption အခိုးခံရတဲ့ နွားတွေကို ဂိုဏ်းဖွဲ့ပြီး ဘင်္ဂလာဒေ့ရှ်ကို တင်ပို့ ကြတယ်လို့ သိရ

ရခိုင်ပြည်နယ်မှာ နွားခိုးမှုတွေ အကြီး အကျယ် ဖြစ်ပေါ်နေတဲ့ အတွက် လယ်လုပ် ချိန်မှာ တောင်သူ လယ်သမားတွေ အကြီး အကျယ် အခက်ကြုံနေကြရ ပါတယ်။

ဇွန်လ နောက်ဆုံး အပတ်နဲ့ ဇူလိုင် ပထမ တပတ်တည်းမှာတင် နွားကောင်ရေ ၃၃ ကောင် အခိုးခံရတဲ့ တိုင်ကြားစာ လက်ခံ ရရှိခဲ့တယ်လို့ ကျောက်တော် ရခိုင်တိုင်းရင်းသားတိုးတက်ရေး ပါတီ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

နောက်ထပ် မတိုင်ကြားတဲ့ သူတွေလည်း အများအပြား ရှိနိုင်တယ်လို့ သူက ပြောပါတယ်။ လယ်သမား တစ်ဦးမှာ တစ်ကောင်ကနေ ၄ ကောင် ၅ ကောင်ထိ တနေ့တည်းမှာ ခိုးယူခံ ရတယ်လို့ ပြောပါတယ်။

ပေါက်တော၊ ပုဏ္ဍားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်မြို့နယ်တွေမှာ အခုလို နွားခိုးခံ နေရတာ ဖြစ်ပြီး၊ အခိုးခံရတဲ့ နွားတွေကို ဂိုဏ်းဖွဲ့ပြီး ဘင်္ဂလာဒေ့ရှ်ကို တင်ပို့ ကြတယ်လို့ လည်း သိရပါတယ်။

ခုလို ဖြစ်နေပေမယ့် သက်ဆိုင်ရာက အရေးယူ ဖမ်းဆီးနိုင်ခြင်း မရှိဘူးလို့လည်းဆိုပါတယ်။

ကျောက်တော်မြို့ပေါ်မှာလည်း တစ်နေ့တည်း အိမ် လေးငါးအိမ် ဖေါက်ထွင်းခံ နေရတဲ့အထိ သူခိုးတွေ သောင်းကျန်းနေတယ်လို့ ပြောပါတယ်။

အခုလို ဖြစ်နေတာက တပတ်ခန့်ရှိနေတယ်လို့ ပြောပါတယ်။