ပုဂံဘုရားများ နိုင်ငံတကာအဆင့်မီပြုပြင်သင့်

  • 11 ဇူလိုင် 2011
သတင်းထောက်တွေကို ဒေါ်စုတွေ့ဆုံ ဓာတ်ပုံ မူပိုင် AP
Image caption သတင်းထောက်တွေကို ဒေါ်စုတွေ့ဆုံ

ပုဂံခရီးစဉ်အတွင်း အတွေ့အကြုံနဲ့သုံးသပ်ချက်ကို သူ့နေအိမ်ဝင်းအတွင်းမှာ သတင်းထောက်တွေကို ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံပြောကြားပါတယ်။

ပုဂံဘုရားတွေကို နိုင်ငံတကာအဆင့်မီ ပြုပြင်ဖို့လိုအပ်ပြီး လက်ရှိပြုပြင်မှုတွေကို ကြည့်ရတာ စိတ်မကောင်း ဖြစ်မိတယ်လို့ ပြောပါတယ်။

ဒါ့အပြင် တတ်ကျွမ်း နားလည်သူတွေပါဝင်မဲ့ ပုဂံချစ်သူများအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ဖို့ စိတ်ကူးမိတယ်လို့ ပြောပါတယ်။

ခရီးစဉ်ဟာ ဘုရားဖူးလို့ပြောပေမဲ့ ခရီးသွားလုပ်ငန်းရဲ့ ဆိုးကျိုးနည်းပြီး ကောင်းကျိုး ပိုများအောင် လေ့လာတဲ့သဘော ပါတယ်လို့လည်းပြောပါတယ်။

ဒါ့ကြောင့် ကမ္ဘာလှည့်ခရီးသွားတွေကြောင့် ပုဂံဒေသရော ပြည်သူပါ အကျိုးရှိအောင်လုပ်ဖို့ လိုတယ်လို့ပြောပါတယ်။

ဇီးအိုရွာကိုရောက်စဉ် ရွာသားတွေ သောက်ရေအခက်အခဲ ကျန်းမာရေး ဆေးပေးခန်းနဲ့ စာသင်ကျောင်းရရှိရေးကိစ္စတွေကို ပထမခြေလှမ်းအနေနဲ့ စလုပ်ဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး သစ်တောထိန်းသိမ်းရေးကိစ္စတွေလည်းလုပ်ဖို့ လိုမယ်လို့ပြောပါတယ်။

ဇူလိုင်၁၉ နောက်ပိုင်းမှနိုင်ငံရေးအရ စည်းရုံးရေး ခရီးထွက်မယ်လို့ သတင်းထောက် တွေရဲ့မေးမြန်းချက်ကိုဖြေကြား သွားပါတယ်။