အပြောင်းအလဲ မျှော်လင့်ပေမဲ့ ပိုဆိုးလာ

  • 15 ဇူလိုင် 2011
ဝါရှင်တန်ရှိမြန်မာသံရုံး ဝက်ဆိုဒ် ဓာတ်ပုံ မူပိုင် Myanmar Embassy
Image caption ဝါရှင်တန်ရှိမြန်မာသံရုံး ဝက်ဆိုဒ်

ဒုတိယ သံမှူးကြီး ဦးကျော်ဝင်းက သူ့အနေနဲ့ သံတမန်ဘဝနဲ့ နှစ်ပေါင်းများစွာ တိုင်းပြည်တာဝန်ထမ်းဆောင်ရင်း နိုင်ငံရေး အပြောင်းအလဲကို မျှော်လင့်ခဲ့ပေမဲ့ ဘာမှာ အပြောင်းအလဲ ဖြစ်မလာတဲ့ အတွက် စိတ်ပျက်ပြီး အမေရိကန်ပြည်ထောင်စုမှာ နိုင်ငံရေး ခိုလှုံခွင့် လျှောက်ထားခဲ့တာလို့ ဘီဘီစီကိုပြောပြပါတယ်။

နိုင်ငံရေး အပြောင်းအလဲဆိုတာ ချက်ချင်းလက်ငင်းကြီး ကောက်ကာငင်ကာ ပြောင်းလဲလို့ မရနိုင်ဘူးဆိုတာ သူနားလည်ပေမဲ့ အခုမြန်မာနိုင်ငံဟာ မှန်ကန်တဲ့ အပြောင်းအလဲ လမ်းကြောင်းပေါ်ကိုတောင် ရောက်မလာသေးဘူးလို့ သူကဆိုပါတယ်။ လမ်းကြောင်းမှန်ပေါ်ရောက်ပြီးမှ သာ အပြောင်းအလဲ ဖြစ်ပေါ်လာနိုင်မယ်လို့ သူယုံကြည်ကြောင်းလည်း ပြောပါတယ်။

အခုအခြေအနေကို သူနားလည်ခံစားမိတာကတော့ မြန်မာနိုင်ငံ အခြေအနေဟာ အပြောင်းအလဲ ဖြစ်မလာရုံသာမက ပိုဆိုးလာတယ်လို့ ဆိုပါတယ်။ တပ်ဘက်က အရာရှိတွေက ပိုပြီးအာဏာပြလာတယ်လို့လည်း ပြောပါတယ်။ ဒီတော့ အရပ်သားအစိုးရ ပေါ်ပေါက်လာပေမဲ့ စစ်အာဏာရှင်စနစ် ပိုပြီး အားကောင်းခိုင်မာ လာတယ်လို့ သူက ဆိုပါတယ်။

စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေ အကြားမှာ အာဏာပြိုင်နေကြတာမျိုး တွေ အချင်းချင်းမကျေနပ်မှုတွေ ဖြစ်ပေါ်နေတယ်လို့လည်း သတင်းတွေထွက်ပေါ်နေတော့ ဒီသတင်းတွေဘယ်လောက်မှန်ပါသလဲ လို့ မေးကြည့်ရာမှာတော့ ဦးကျော်ဝင်းကဒီစစ်ခေါင်းဆောင်တွေဟာ တယောက်နဲ့ တယောက်ကြိုးချည်ပြီး တောင်ပေါ်တက်ခိုင်းခံနေကြရသူတွေလို့ပြောပါတယ်။ တကယ်လို့ တယောက်ကိုတွန်းချရင် ကျန်တဲ့သူတွေလည်း အတူတူလိမ့်ကျမှာဖြစ်တဲ့ အတွက် သူတို့ အချင်းချင်း မကျေနပ်မှုရှိကြတဲ့ တိုင် အပြောင်းအလဲကိုတော့ ဘယ်သူမှ ဖော်ဆောင်ကြမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

အရပ်သားနဲ့စစ်သား ခွဲခြားဆက်ဆံခံရ

ဝန်ထမ်းအချင်းချင်းကြားမှာ အရပ်သားနဲ့ စစ်သား ခွဲခြားဆက်ဆံတာမျိုးကို ခံရတယ်လို့လည်း သူကပြောပါတယ်။ အာဏာပိုင်အရာရှိတွေဟာ စစ်သားဝန်ထမ်းကိုသာ ယုံကြည်မှုရှိပြီး အရပ်သားဝန်ထမ်းတွေကို ယုံကြည်မှုမရှိဘဲ သံသယ ထားနေတယ်လို့ ဆိုပါတယ်။

အလုပ်မှာ တတ်ကျွမ်းကျွမ်းကျင်တဲ့သူ တိုင်းပြည်ကို စေတနာထားတဲ့သူတွေ ဟာ အလုပ်လုပ်ခွင့်မရဘဲ လုပ်ငန်းကိုနားမလည်တဲ့ စစ်ဘက် ဝန်ထမ်းတွေရဲ့ ဖိနှိပ်မှုကို ခံနေရတယ်လို့ ဆိုပါတယ်။ နားလည်တတ်ကျွမ်းတဲ့ အရပ်ဘက် ဝန်ထမ်းက ဆွေးနွေးပြောဆိုတာမျိုးကိုလည်း လက်မခံဘဲ စစ်သားအချင်းချင်း ပြောမှပဲ လက်ခံတယ်လို့ ပြောပါတယ်။

အရပ်သားဝန်ထမ်းတွေ တာဝန်ထမ်းဆောင်နေကြတာကိုလည်း တိုင်းပြည်အတွက် အလုပ်လုပ်နေတယ်လို့ သဘောမထားပဲ စစ်တပ်ကို ကြောက်လို့ လုပ်နေတယ်ဆိုတဲ့ သဘောထားမျိုးထားရှိတာဟာ ဝန်ထမ်းတွေကို စော်ကားတာပဲလို့ ဦးကျော်ဝင်းက ယူဆပါတယ်။

နိုင်ငံရေးလုပ်ဖို့မရည်ရွယ်

ဦးကျော်ဝင်းအနေနဲ့ အစိုးရအဖွဲ့ထဲမှာ ဝင်ရောက်အလုပ်လုပ်ကိုင်ပြီး တိုင်းပြည်အတွက် အတွင်းစည်းကနေ ပြုပြင်ဖို့ ကြိုးစားခဲ့ရာမှာ မအောင်မြင်တဲ့ အတွက် အခုတခါ အပြင်ကနေ ပြုပြင်ပြောင်းလဲမှု လုပ်ချင်တဲ့ ဆန္ဒကြောင့် နိုင်ငံရေးခိုလှုံခွင့် ခံယူခဲ့တာဖြစ်တယ်လို့လည်းဘီဘီစီကို ပြောပါတယ်။

သူ့အနေနဲ့ နိုင်ငံရေးလုပ်ဖို့ မရည်ရွယ်ပေမဲ့ တိုင်းပြည်ကောင်းရာ ကောင်းကြောင်း အတွက်တတ်စွမ်းသမျှ ဆောင်ရွက်ချင်တဲ့ ဆန္ဒရှိ တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အဖွဲ့အစည်းတွေ INSTITUTION အားလုံးဟာ ခြစား ပျက်စီးနေပြီဖြစ်တဲ့ အတွက် အဖွဲ့အစည်းတွေ ပြန်လည် ပြုပြင်တည်ဆောက် တဲ့ အလုပ်မျိုးကို သူတတ်နိုင်သလောက် လုပ်ချင်တယ်လို့ ပြောပါတယ်။

အမေရိကန်ပြည်ထောင်စု မှာ ဦးကျော်ဝင်း နိုင်ငံရေးခိုလှုံခွင့် ယူပြီးနောက်မှာ သံရုံးရဲ့ ပထမအတွင်းဝန် ဦးစိုးအောင်နဲ့ တခြားသံရုံးအရာရှိနှစ်ယောက်ကို နေပြည်တော်က စစ်မေးဖို့ ခေါ်ယူခဲ့ရာမှာ ဦးစိုးအောင်လည်း နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားခဲ့ပါတယ်။