မြန်မာပါတီများ ဂျပန်ကို လေ့လာရေးခရီးထွက်

  • 12 ဇူလိုင် 2011
Japan Parliament
Image caption ဂျပန်က ပါလီမန်အဆောက်အအုံ

၂၀၁၀ ရွေးကောက်ပွဲ ဝင်ခဲ့တဲ့ နိုင်ငံရေး ပါတီ ၆ ခုက လူငယ် အယောက် ၂ဝ ဟာ ဂျပန်နိုင်ငံကို လေ့လာရေး ခရီးစဉ်အဖြစ် အင်္ဂါနေ့ ညနေပိုင်းက ရန်ကုန်ကနေ ထွက်ခွာ သွားပါတယ်။

ပါတီတွေ တစ်စုတစ်စည်းတည်းအနေနဲ့ဆိုရင် ဂျပန်နိုင်ငံကို ပထမဆုံး သွားရောက်လေ့လာခွင့် ရတာဖြစ်ပြီး ဒီခရီးစဉ်မှာ အသက် ၃၅ နှစ် အောက် လူငယ် အယောက် ၂ဝ ပါဝင်ပါတယ်။ အရင်ကတော့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဂျပန်ကို သွားရောက်ခဲ့ဖူးပါတယ်။

ဂျပန်အစိုးရကနေ အဖိတ်ခံရတဲ့ ပါတီတွေကတော့ ရွေးကောက်ပွဲမှာ အမတ်နေရာ ၁ဝ နေရာအထက် အနိုင်ရတဲ့ ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ၊ ရခိုင် တိုင်းရင်း သားများ တိုးတက်ရေးပါတီ၊ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ၊ အမျိုးသား ဒီမိုကရေစီ အင်အားစု နဲ့ ရွေးကောက်ပွဲ အနိုင်ရ ကြံ့ခိုင်ရေးပါတီတို့ ဖြစ်ကြပါတယ်။

ကြံ့ခိုင်ရေးပါတီက ၁၀ ဦးနဲ့ ကျန်ပါတီတွေက ၂ ဦးစီ စုစုပေါင်း အယောက် ၂၀ ကို ဖိတ်ခေါ်တာ ဖြစ်ပါတယ်။

ယဉ်ကျေးမှု နဲ့ နိုင်ငံရေးလေ့လာ

ဓာတ်ပုံ မူပိုင် AP
Image caption ဖူဂျီတောင်နောက်ခံနဲ့ မြင်ရတဲ့ တိုကျိုမြို့

မြန်မာ ကိုယ်စားလှယ်တွေဟာ တိုကျို၊ ကျိုတိုနဲ့ အိုဆာကာမြို့တွေဆီကို သွားရောက်ပြီး ယဉ်ကျေး မှု ဆိုင်ရာတွေကို လေ့လာမှာ ဖြစ်သလို ဂျပန် ဒိုင်ယက် လွှတ်တော်ကိုလည်း သွားရောက် လေ့လာဖို့ရှိတယ်လို့ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး ပါတီက ပြောခွင့်ရ ဦးသိန်းထွန်းက ပြောပါတယ်။

ဂျပန်နိုင်ငံက ပါလီမန်နဲ့ ဂျပန် နိုင်ငံရေးကို လေ့လာပြီး မြန်မာနိုင်ငံမှာလည်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ အထောက် အကူဖြစ်မယ်လို့ မျှော်လင့်ပြီး အခုခရီးစဉ်ကို စီစဉ်ခဲ့တာလို့ စီစဉ်သူ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယပြောခွင့်ရ ပုဂ္ဂိုလ် ဟီဒဲနို ဆိုဘာရှီမာ က ဘီဘီစီကို ပြောပါတယ်။

ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီလှုပ်ရှားသူတွေကတော့ ဒီခရီးစဉ်ကို ကန့်ကွက် ဆန္ဒပြကြမယ်လို့ ဆန္ဒပြပွဲကို စီစဉ်သူတစ်ဦးဖြစ်တဲ့ ဦးမိုင်ကျော်ဦးက ပြောပါတယ်။

NDF ပါတီဝင် ပိတ်ပင်ခံရ

အခုခရီးစဉ်အတွင်း NDF ပါတီ လူငယ်ကိုယ်စားလှယ် ၂ ဦးထဲက တစ်ဦးအဖြစ် စောစောပိုင်း တုန်းကတော့ ကိုမျိုးဇော် အောင်ကို ရွေးထားပြီးမှ ပြည်ထဲရေးဝန်ကြီးဌာနက ခွင့်မပြုတဲ့အတွက် ခရမ်းမြို့နယ်မှာ ပြည်သူ့လွှတ်တော်အမတ်အဖြစ် ဝင်အရွေးခံခဲ့တဲ့ ကိုကျော်သူရကို အစားထိုး ပေးလိုက်ရတယ်။

ဘာကြောင့် ခွင့်မပြုတာလဲဆိုတာကို ပြည်ထဲရေးက အကြောင်းမပြဘူးလို့ NDF ပါတီ ဒုတိယ ဥက္ကဌ ဦးစိုးဝင်းက ပြောပါတယ်။