ဒေါ်စုနဲ့သားငယ် ဗိုလ်ချုပ်ကို ဂါရဝပြု

  • 12 ဇူလိုင် 2011

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သားငယ်ဖြစ်သူ Kim Aris ခေါ် ကိုထိန်လင်းတို့ဟာ ဒီကနေ့မှာ ဖခင်ဖြစ်သူနဲ့ အဖိုးဖြစ်သူ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဂူဗိမာန်နဲ့ အမေနဲ့ အဖွားဖြစ်သူ ဒေါ်ခင်ကြည် ဂူဗိမာန်တို့ကို သွားရောက် ဂါရဝ ပြုခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption ဒေါ်အောင်ဆန်းစုကြည်နဲ့ သားငယ်ဖြစ်သူ ကိုထိန်လင်း ခေါ် Kim Aris တို့ ဘုရားဖူးကြ

အာဇာနည်ကုန်းရဲ့ ထိန်းသိမ်းရေးအဖွဲ့ကို NLD က ကြိုတင်မေတ္တာရပ်ခံထားလို့ ကားနှစ်စီးနဲ့ လာရောက်ဖို့ ခွင့်ပြုထားလို့ ဗိုလ်ချုပ် ဂူဗိမာန်ရှိရာ အာဇာနည်ကုန်း သွားရတာ အဆင်ပြေခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအတွင်းရေးမှူးနဲ့ လုံခြုံရေးအရာရှိချုပ် ဦးဝင်းထိန်က ဘီဘီစီကို ပြောပါတယ်။

ရွှေတိဂုံဘုရား ခြေတော်ရင်း တောင်ဘက်မုခ် ရွှေတိဂုံဘုရားလမ်းပေါ်က ဒေါ်ခင်ကြည် ဂူဗိမာန်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ သားငယ် ကိုထိန်လင်းတို့ သွားရောက် ဂါရဝ ပြုခဲ့ကြတယ်လို့ ဆိုပါတယ်။ မနက်ပိုင်းမှာတော့ ရွှေတိဂုံဘုရားကို လက်ယာရစ်တပတ် လှည့်လည် ဖူးမြော်ခဲ့ကြတယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption ဒေါ်စုနဲ့ သားဖြစ်သူ ကိုထိန်လင်းတို့ ဗိုလ်ချုပ်အောင်ဆန်းဂူဗိမာန်မှာ ဂါရဝပြု

ဒီကနေ့သွားတာတွေမှာ အာဏာပိုင်တွေဘက်က ဘာအနှောင့်အယှက်မှ မပေးခဲ့ပေမယ့် ထုံးစံအတိုင်း ဘေးကစောင့်ကြည့်သူက ၂၀ ကနေ ၃၀ ကြား လောက်တော့ ရှိမယ်လို့ ဦးဝင်းထိန်က ခန့်မှန်းပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ အာဇာနည်ကုန်းမှာ ဖခင် ဗိုလ်ချုပ်အောင်ဆန်းကို ဂါရဝပြုပြီးဖြစ်လို့ လာမယ့်တပတ် ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ အာဇာနည်နေ့မှာရော လာရောက် ဂါရဝပြုဖို့ကတော့ အာဇာနည်နေ့ ကျင်းပရေး ကော်မတီက ဖိတ်စာ ပို့မပို့ပေါ်မှာ မူတယ်လို့ ဦးဝင်းထိန်က သုံးသပ်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ဒေါ်အောင်ဆန်းစုကြည်က မိခင်ဖြစ်သူ ဒေါ်ခင်ကြည် ဂူဗိမာန်မှာ ဂါရဝပြု

ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျင်းပမယ့် အာဇာနည်နေ့ အခမ်းအနားကိုလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ရုံးချုပ်မှာ နှစ်စဉ် ကျင်းပနေကြအတိုင်း ကျင်းပဖို့ ပြင်ဆင်နေကြပြီး နံရံကပ်စာစောင် ကပ်တာ၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တဲ့ ကဗျာတွေ ရွတ်ဖတ်တာတွေ လုပ်ဖို့ ရှိတယ်လို့လည်း သိရပါတယ်။

မိခင် ဒေါ်အောင်ဆန်းစုကြည်ဆီကို လာရောက်လည်ပတ်တဲ့ သားငယ်ဖြစ်သူ Kim Aris ခေါ် ကိုထိန်လင်းကတော့ ဒီညပိုင်းက ရန်ကုန်မြို့ကနေ ပြန်လည် ထွက်ခွာ သွားတယ်လို့ သိရပါတယ်။