KIO ဌာနချုပ် လိုင်ဇာမှာ လူထု ဆွေးနွေးပွဲ ကျင်းပနေ

  • 13 ဇူလိုင် 2011
ဓာတ်ပုံ မူပိုင် KIO
Image caption ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်နီးပါးလောက်က အစိုးရ ကိုယ်စားလှယ်တွေနဲ့ KIO တွေ့ဆုံ

KIO ကြီးမှူး ကျင်းပတဲ့ ဆွေးနွေးပွဲ တခုကို ကချင် လွတ်လပ်ရေး အဖွဲ့ KIO ဌာနချုပ် လိုင်ဇာမှာ အင်္ဂါနေ့က စလို့ ကျင်းပနေပါတယ်။

ကချင် လွတ်လပ်ရေး တပ်မတော်နဲ့ အစိုးရ တပ်ဖွဲ့တွေအကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ အခြေအနေ ဖြစ်စဉ်ကို ရှင်းပြဖို့နဲ့ လူထု သဘောထားကို မေးမြန်းဖို့ ဒီ ဆွေးနွေးပွဲကို ကျင်းပတာ ဖြစ်တယ် လို့ KIO တွဲဘက် အထွေထွေ အတွင်းရေးမှူး ဦးလာနန်းက ဘီဘီစီ ကို ပြောပါတယ်။

ဒီဆွေးနွေးပွဲဟာ ကချင်လူထု အားလုံးကို ကိုယ်စားပြုတာမျိုး မဟုတ်ပေမယ့် လိုအပ်တဲ့ အကြံဉာဏ် ပေးနိုင်တဲ့ ပုဂ္ဂိုလ်တွေနဲ့ မြို့ပေါ်က ဘာသာရေး ခေါင်းဆောင်တွေ တက်ရောက် ခဲ့ပြီး ရပ်ဝေးက လာတဲ့သူ ၁၃၀ လောက် ရှိတယ်လို့ သူက ပြောပါတယ်။

ဇွန်လ ၉ရက်နေ့က စဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ ဖြစ်စဉ်နဲ့ ပတ်သက်လို့ KIO အနေနဲ့ လူထုကို တရားဝင် ရှင်းပြတာမျိုး မလုပ်နိုင်သေးတာမို့ အခု ဆွေးနွေးပွဲ တက်ခဲ့သူတွေ အနေနဲ့ ကိုယ့်ဒေသမှာ လူထုကို ပြန်လည် ရှင်းပြနိုင်မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ဆွေးနွေးပွဲ တက်လာသူတွေ ဆီက မှတ်ချက်၊ အကြံဉာဏ်တွေ တောင်းခံသွားမှာ ဖြစ်ကြောင်းနဲ့ ဆွေးနွေးပွဲ ပထမနေ့မှာ တဦးစ နှစ်ဦးစ မှတ်ချက်တွေ ပေးသွားခဲ့ကြောင်း ဦးလာနန်းက ပြောပါတယ်။

ဒီဆွေးနွေးပွဲက ရလာတဲ့ သဘောထား အမြင်တွေကို စုစည်း ရယူပြီး KIO အနေနဲ့ ရှေ့လုပ်ငန်း စဉ်တွေကို ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။

အစိုးရ ကိုယ်စားလှယ်တွေနဲ့ အပစ်အခတ် ရပ်ဆိုင်းရေး လတ်တလော ညှိနှိုင်းနေတဲ့ ကိစ္စ နဲ့တော့ ဒီဆွေးနွေးပွဲ ပတ်သက်မှု မရှိဘူးလို့ KIO တွဲဘက် အထွေထွေ အတွင်း ရေးမှူး ဦးလာနန်းက ဘီဘီစီ ကို ပြောပါတယ်။

ဒီဆွေးနွေးပွဲကို ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေက ပုဂ္ဂိုလ်တွေတောင် တက်ရောက်ခဲ့ကြပြီး လမ်းမှာ စစ်ဆေး မေးမြန်းတာမျိုး မရှိဘူးလို့ ပြောပါတယ်။