KIO ဌာနချုပ် လိုင်ဇာမှာ လူထု ဆွေးနွေးပွဲ ကျင်းပဖို့ရှိ

  • 12 ဇူလိုင် 2011
ဓာတ်ပုံ မူပိုင် KIO
Image caption ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်နီးပါးလောက်က အစိုးရ ကိုယ်စားလှယ်တွေနဲ့ KIO တွေ့ဆုံ

ကချင် လွတ်လပ်ရေး အဖွဲ့ KIO ဌာနချုပ် လိုင်ဇာမှာ KIO ကြီးမှူး ကျင်းပတဲ့ လူထု ဆွေးနွေးပွဲ တခုကို အင်္ဂါနေ့မှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။

ကချင် လွတ်လပ်ရေး တပ်မတော်နဲ့ အစိုးရ တပ်ဖွဲ့တွေအကြား တိုက်ပွဲ အခြေအနေ ဖြစ်စဉ် ကို လူထုကို ရှင်းပြဖို့နဲ့ လူထု သဘောထားကို မေးမြန်းဖို့ ဒီ ဆွေးနွေးပွဲကို ကျင်းပမှာ ဖြစ်တယ် လို့ KIO တွဲဘက် အထွေထွေ အတွင်းရေးမှူး ဦးလာနန်းက ဘီဘီစီ ကို ပြောပါတယ်။

ကချင်ဒေသရဲ့ အခြေအနေတင်မက မြန်မာတပြည်လုံးရဲ့ အခြေအနေကိုပါ လူထု ဘက်က ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး တင်ပြမယ်လို့ မျှော်လင့်ကြောင်း သူက ပြောပါတယ်။

လောလောဆယ် သွားရေး လာရေး အဆင်မပြေတဲ့အတွက် အားလုံးကို မဖိတ်နိုင်ပေမဲ့ KIO အုပ်ချုပ်ရေး နယ်မြေတွင်းက KIO ကော်မီတီဝင်တွေကို အဓိကထား ဖိတ်ကြားထားပြီး အနည်းဆုံး ၁၀၀ ဝန်းကျင်လောက် တက်ရောက်မယ်လို့ မျှော်လင့်ထားကြောင်း ဦးလနန်းက ပြောပါတယ်။

ဒီဆွေးနွေးပွဲက ရလာတဲ့ ပြည်သူတွေရဲ့ သဘောထား အမြင်တွေကို စုစည်း ရယူပြီး KIO အနေနဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ဆက်လုပ်သွားမယ်လို့လည်း KIO တွဲဘက် အထွေထွေ အတွင်းရေးမှူး ဦးလာနန်းက ဘီဘီစီ ကို ပြောပါတယ်။