နိုင်ငံရေး အကျဉ်းသားတွေရဲ့ ဆန္ဒ ICRCကို ပြောခွင့် မရ

  • 12 ဇူလိုင် 2011
insein jail ဓာတ်ပုံ မူပိုင် bbc
Image caption အကျဉ်းသားတွေကို မိသားစုတွေ ထောင်ဝင်စာ လာတွေ့

အခု လဆန်းပိုင်းက မြောင်းမြ၊ မော်လမြိုင် နဲ့ ဘားအံ ထောင်တွေကို မြန်မာနိုင်ငံမှာ အခြေစိုက်တဲ့ ICRC နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ ဝင်ရောက် ကြည့်ရှုခွင့် ရခဲ့ပေမယ့် နိုင်ငံရေး အကျဉ်း သားတွေနဲ့ တွေ့ခွင့် မရလိုက်တဲ့ အတွက် သူတို့ရဲ့ လိုအပ်ချက်တွေကို တင်ပြခွင့် မရ လိုက်ကြပါဘူး။

ဘားအံထောင်ကို ICRC အဖွဲ့ ဝင်ရောက် ကြည့်ရှု ခဲ့စဉ် ရေနဲ့ မိလ္လာ ကိစ္စကိုသာ ထောင်မှူး နဲ့ ပြောသွားပြီး နိုင်ငံရေး အကျဉ်းသားတွေနဲ့တော့ တွေ့ခွင့် မရလိုက်ပါဘူး။

ဘားအံထောင်မှာ ထောင်ဒဏ် ၁၂နှစ် ကျခံနေရတဲ့ Blogger ကိုနေဘုန်းလတ်က ICRC နဲ့ တွေ့ခွင့်ရမယ် ဆိုရင် မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား မရှိဘူး ဆိုပြီး အစိုးရ က ပြောနေတဲ့ ကိစ္စနဲ့ ပတ်သက်လို့ သူ့အနေနဲ့ အလေးအနက်ထား ပြောပြမယ်လို့ ပြောကြောင်း သူ့ကို ထောင်ဝင်စာ သွားတွေ့ခဲ့သူ မိခင် ဒေါ်အေးအေးသန်းက ဘီဘီစီကို ပြောပါတယ်။

တခါ အပြင်မှာ ရှိနေသူတွေအနေနဲ့လည်း နိုင်ငံရေး အကျဉ်းသား မရှိဘူး ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ကျယ်ကျယ်လောင်လောင် ပြောပေးဖို့ ကိုနေဘုန်းလတ်က မှာလိုက်တယ် လို့လည်း ဆိုပါတယ်။

၂၀၀၉ ခုနှစ်က ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား မြန်မာနိုင်ငံကို လာစဉ်တုန်းကတော့ ဘားအံထောင်မှာ ကိုနေဘုန်းလတ် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေနဲ့ တွေ့ခွင့် ရခဲ့ပါတယ်။

အခု လက်ရှိ ဘားအံထောင်မှာ ကိုနေဘုန်းလတ် အပါအဝင် ၈၈ မျိုးဆက် ကျောင်းသား ကိုဉာဏ်လင်း၊ ကိုနေကျော်၊ ကိုကျော်ကျော်နိုင်၊ ကိုပြည့်ဖြိုးအောင် စတဲ့ နိုင်ငံရေး အကျဉ်းသား ၁၀ ယောက် ဝန်းကျင်လောက် အကျဉ်းကျနေပါတယ်။

ဒီထဲက ကိုဉာဏ်လင်းရဲ့ မျက်စိ ရောဂါကို အပြင် ဆရာဝန်နဲ့ ကုသနေရပြီး NLD ပါတီဝင် ကိုနေကျော်ကတော့ နှလုံးရောဂါ ဖေါက်နေတဲ့အတွက် ဆေးကုသမှု လိုအပ်နေ တယ်လို့ ကိုနေဘုန်းလတ်ရဲ့ မိခင်က ပြောပါတယ်။

အလားတူ အင်းစိန်ထောင်မှာ ထောင်ဒဏ် ၁၇နှစ် ကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသူ မခင်ခင်နုဟာလည်း အသည်းရောင် ရောဂါကို ခံစားနေရပြီး ရေတောင် မသောက်နိုင်တော့ ဘူးလို့ ထောင်ဝင်စာ တွေ့ခဲ့တဲ့ မိသားစုဝင် တဦးက ပြောပါတယ်။