ပြည်မြန်မာ ကုန်တိုက် ဆိုင်ခန်းတွေ ဖယ်ခိုင်း

  • 12 ဇူလိုင် 2011
Pyi Myanmar departmental store
Image caption ပြည်မြန်မာ ကုန်တိုက်

ရန်ကုန်မြို့ လှည်းတန်း မီးပွိုင့်က ပြည်မြန်မာ ကုန်တိုက်ကို ပုဂ္ဂလိကပိုင် ပြုလုပ်ရောင်းချပြီး နောက် အခုအခါမှာ ဆိုင်ခန်းရှင်တွေကို နှစ်ပတ်အတွင်း ဖယ်ပေးရမယ်လို့ ဆိုတဲ့ အတွက် ဆိုင်ခန်းရှင်တွေက သူတို့ အတွက် နစ်နာကြေးနဲ့ ကုန်တိုက်ပြုပြင်စရိတ်တွေကို ရချင်တယ်လို့ ပြောဆိုနေကြပါတယ်။

ပြည်မြန်မာ ကုန်တိုက် လုပ်ငန်းရှင်တွေဟာ လွန်ခဲ့တဲ့ ၁၆ နှစ် ၁၇ နှစ်ကတည်းက ဆိုင်ခန်းဖွင့်လှစ် ရောင်းချလာခဲ့ကြပြီး လစဉ် စီးပွားကူးသန်း ၀န်ကြီးဌာနကို ဆိုင်ခန်းခ ပေးသွင်းငှားရမ်းပြီး အလုပ်လုပ်ကိုင်ခဲ့သူတွေ ဖြစ်ပါတယ်။

အခု အစိုးရက ပုဂ္ဂလိက ကို လေလံပစ် ရောင်းချလိုက်တဲ့ အခါ MMRD ကုမ္ပဏီနဲ့ AA medical Product ကုမ္ပဏီတို့က ဝယ်ယူခဲ့ ပါတယ်။

ဆိုင်ခန်းတွေကို ရောင်းချပြီး ပြီးခဲ့တဲ့ ဧပြီလကတည်းက အငှားစာချုပ် ရပ်ဆိုင်းခဲ့ပါတယ်။

ဆိုင်ခန်းရှင်တွေအတွက် ဆိုင်ခန်းအသစ် စီစဉ်ပေးတာမျိုးတော့ မရှိပါဘူး။ ဒါ့ကြောင့် ဆိုင်ခန်းရှင်တွေက ဆိုင်ခန်းပြင်ဆင်ခနဲ့ လူမှုရေး အကူအညီပေးဖို့ သမ္မတ ဦးသိန်းစိန်ဆီတောင်းခံပေမဲ့ အကူအညီမရသလို အကြောင်းပြန်ကြားချက်လည်း မရခဲ့ဘူးလို့ ဆိုပါတယ်။

ဆိုင်ခန်းရှင်တွေအနေနဲ့ အစိုးရအာဏာပိုင်တွေနဲ့ တွေ့ဆုံပြီး လူမှုရေး အကူအညီ အထောက်အပံ့တွေရဖို့ ကြိုးစားနေကြတယ်လို့ ဘီဘီစီကို ပြောပါတယ်။