ဘာ​ကြောင့် သံ​ရုံး​ဝန်​ထမ်း​တွေ ဆက်တိုက်​ခိုလှုံ

  • 14 ဇူလိုင် 2011

အမေရိကန်ပြည်ထောင်စု မြို့တော်ဝါရှင်တန်အခြေစိုက် မြန်မာသံရုံးက ပထမ အတွင်းဝန် ဦးစိုးအောင်ဟာ အမေရိကန် နိုင်ငံခြားရေးရုံးမှာ နိုင်ငံရေးခိုလှုံခွင့် တင်လိုက်ပြန်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption သံတမန်ဝန်ထမ်းတွေရဲ့ အကြီးအကဲ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲ အဲဒီဝါရှင်တန် မြန်မာသံရုံးကပဲ သံမှူးကြီး ဦးကျော်ဝင်းဟာ သူ့ရဲ့ သံတမန်ရေးရာ ဆောင်ရွက်ပေးခဲ့မှုတွေ ကြောင့် မြန်မာနိုင်ငံ ပြန်ရင် ဒုက္ခအများကြီး ရောက်ဖို့ ရှိပါတယ်ဆိုပြီး အမေရိကန်နိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့ပါသေးတယ်။

အခုလိုခပ်စိပ်စိပ်ခိုလှုံခွင့်တွေတင်လာတာဟာ မြန်မာပြည်ပြန်ရင် အန္တရာယ်ရှိနိုင်တယ်၊ အနည်းဆုံး အလုပ်ပြုတ်ပြီး အများဆုံး ထောင်ကျနိုင်တာကြောင့် ဖြစ်နိုင်တယ်လို့ သံတမန် ဝန်ထမ်းဟောင်းတဦးဖြစ်တဲ့ ဦးစိုးသင်းက ဘီဘီစီကို ပြောပါတယ်။

ဦးစိုးသင်းကိုယ်တိုင်ဟာလည်း ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှာ ပထမအတွင်းဝန်ရာထူး ထမ်းဆောင်နေတုန်း ၁၉၈၈ အရေးအခင်းကာလမှာ အစိုးရက အတင်းပြန်ခေါ်တာနဲ့ နိုင်ငံရေးခိုလှုံခွင့်တောင်းခဲ့ခံသူဖြစ်ပြီး၊ နောက်ပိုင်းမှာတော့ RFA လွတ်လပ်တဲ့အာရှအသံမှာ ဌာနခွဲမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ဝန်ထမ်းတွေက ကိုယ့်အစိုးရအပေါ် ယုံကြည်မှုရှိဖို့လိုပြီး ယုံကြည်မှုမရှိရင် အခုလိုပဲ နိုင်ငံရေး ခိုလှုံခွင့် တောင်းတဲ့ ကိစ္စမျိုးတွေ ဆက်ဖြစ်နိုင်တယ်လို့လည်း ဦးစိုးသင်းက သုံးသပ်ပါတယ်။

မိဘကို မယုံတဲ့ သားသမီးက ထွက်ပြေးတယ်၊ အစိုးရကလည်း မိဘနဲ့ အလားတူတာမို့ မစောင့်ရှောက်ဘူးဆိုရင် ပုန်ကန်မှာဖြစ်တယ်၊ အစိုးရဝန်ထမ်းမှ မဟုတ်ဘူး ပြည်သူတွေ လည်း အတူတူ သဘောမျိုး ရှိတယ်လို့ သူက ပြောပါတယ်။