အကျဉ်းသား ပေါ်တာဆွဲတာက စစ်ရာဇဝတ်မှု မြောက်တယ်လို့ဆို

  • 13 ဇူလိုင် 2011
ပေါ်တာ ဓာတ်ပုံ မူပိုင် HRW
Image caption ပေါ်တာ တွေကို မိုင်းရှင်း ကရိယာ သဖွယ် လည်း စစ်တပ် က သုံး နေ

မြန်မာ အစိုးရ စစ်တပ်က လူတွေကို ပေါ်တာ ဆွဲပြီး ရှေ့တန်း စစ်မြေပြင် မှာ သူတို့ အပေါ် ကျူးလွန်နေတဲ့အမှု တွေဟာ စစ်ရာဇဝတ် မှု မြောက် တဲ့ အကြောင်း လူ့အခွင့် အရေး အဖွဲ့ တွေက ပြောပါတယ်။

Dead men Walking လို့ အမည်ပေးထား ပြီး အဆိုပါ လူ့အခွင့်အရေး စောင့်ကြည့် လေ့လာ ရေး အဖွဲ့ Human Rights Watch နဲ့ ကရင် လူ့အခွင့်အရေး အဖွဲ့ တို့က ပူးပေါင်း ထုတ်ပြန် တဲ့ အစီရင်ခံစာ ထဲမှာ ပေါ်တာ ဆွဲလာသူတွေ ကို စစ်တပ် က သတ်ဖြတ် တာ၊ နှိပ်စက်တာ၊ သူတို့ ကို စစ်မြေပြင် ကျရင် ရှေ့မှာ ထားပြီး လူသား အကာ အရံ လို လုပ်ဆောင်တာ စတဲ့ ကျူးလွန်မှု တွေကို ထောက်ပြ ထားပါတယ်။

Human Rights Watch ရဲ့ အာရှ ဆိုင်ရာ ဒုတိယ အကြီးအကဲ မစ္စ အီလိန်း ပီရာဆန် က စစ်ရာဇဝတ်မှု မြောက်နိုင် တယ်လို့ ပြောတာ ကတော့ အခု အသုံးပြုခံရတဲ့ အကျဉ်းသား တွေရဲ့ အန္တရာယ် ကြီးမားမှု၊ နောက်ပြီး လူသားတွေကို မိုင်းရှင်း ကိရိယာ သဖွယ် အသုံးပြုမှု တွေ ကြောင့်ပါ၊ အခုလို ဖြစ်နေတာက တနေရာတည်းမှာ မဟုတ် ပါဘူး၊ နေရာ အနှံ့မှာ ဖြစ်နေတယ် ဆိုတာ ကျွန်မတို့ အဖွဲ့တင် မကပဲ တခြား အဖွဲ့အစည်း တွေလည်း အထောက် အထား နဲ့ တကွ အရင်က ဖော်ပြ ခဲ့ဖူး ပါတယ်၊ အခု လတ်တလော ဒီနှစ်ဆန်း မှာပဲ မြန်မာ နိုင်ငံ အနှံ့ အပြား က အကျဉ်းသား ၇၀၀ လောက်ကို ကရင် ပြည်နယ်တွင်း စစ်ဆင်ရေး တွေမှာ အသုံးပြု ခဲ့တယ်၊ ဒါတွေကို ကြည့် ရင် စနစ်တကျ နဲ့ အထက်အဆင့်က မူဝါဒ ချ ပြီး လုပ်နေတယ် ဆိုတာ ထင်ရှား ပါတယ် လို့ ဘီဘီစီ ကို ပြောပြ ပါတယ်။

ကိုယ်တိုင် ပေါ်တာ ဆွဲခံ ရဘူးပြီး ဒီ အဖြစ်တွေ ကြုံခဲ့ကြတဲ့ လူပေါင်း ၅၈ ဦး နဲ့ တွေ့ဆုံ မေးမြန်း မှု တွေကို အခြေခံ ပြီး အခု အစီရင်ခံစာ ကို ပြုစုခဲ့တယ် လို့ လည်း ဒီ လူ့ အခွင့် အရေး အဖွဲ့တွေ က ပြော ပါတယ်။