တိုက်ပွဲတွေအတွင်း အစိုးရစစ်တပ် လူ့အခွင့်ရေးချိုးဖေါက်

  • 14 ဇူလိုင် 2011
ရှမ်းပြည်မှာတာဝန်ကျတပ်သားများ ဓာတ်ပုံ မူပိုင် Reuters
Image caption ရှမ်းပြည်မှာတာဝန်ကျတပ်သားများ

ရှမ်းပြည်တပ်မတော် မြောက်ပိုင်း SSA (N) ကိုမတ်လလယ်လောက်ကနေ ဇူလိုင်လအထိ အစိုးရတပ်ဖွဲ့တွေက စစ်ဆင်ရေးတွေလုပ်ရာမှာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ အများအပြား ကျူးလွန်နေတယ်လို့ ရှမ်းလူ့အခွင့်အရေး ဖေါင်ဒေးရှင်းနဲ့ SWAN ရှမ်းအမျိုးသမီး ဆက်သွယ် လှုပ်ရှားဆောင်ရွက်ရေး အသင်းက ထုတ်ပြန်ပါတယ်။

တန့်ယန်း ကျေးစီး ပန်လုံစတဲ့ နေရာအတော်များများမှာ စစ်တပ်ကအုပ်စုလိုက် အမျိုးသမီးတွေကို အဓမ္မပြုကျင့်တယ်လို့ထုတ်ပြန်ချက်မှာ စွပ်စွဲဖေါ်ပြထားပါတယ်။

ဒါ့အပြင် ရွာတွေကို မီးရှို့တိုက်ခိုက်တာ လုယက်ဖျက်ဆီးပြီး ရွာသားတွေကို သတ်ဖြတ်တာတွေလည်းကျူးလွန်ခဲ့ကြတယ်လို့ တိုက်ပွဲဖြစ်တဲ့နေရာဒေသကို မြေပုံနဲ့တကွ အသေးစိတ်ဖေါ်ပြထားပါတယ်။

ဒီတိုက်ခိုက်ကျူးလွန်မှုတွေကို ကမ္ဘာကသိအောင် မီဒီယာကတဆင့် အခုလို ထုတ်ပြန် လိုက်တာလို့ SWAN အဖွဲ့မှပြောခွင့်ရ Cham Hoon ကဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် ကျေးစီး မန်ဆန်ဘက်ကတိုက်ပွဲတွေအတွင်း မြန်မာတပ်က လေကြောင်းမှ တိုက်ခိုက်မှုတွေလုပ်လို့ ရှမ်းလက်နက်ကိုင်တွေဘက်က နှစ် ယောက် ဒဏ်ရာ ရခဲ့တယ်လို့လည်း SSA တောင်ပိုင်းမှ ပြောခွင့်ရ ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ဘီဘီစီကို ပြောကြား သွားပါတယ်။