ထိုင်းမှာရှိတဲ့ အလုပ်သမားတွေ မှတ်ပုံတင်ခွင့်ရက်ပြည့်

  • 14 ဇူလိုင် 2011
Image caption ထိုင်းနိုင်ငံတွင်းမှာ အလုပ်လုပ်နေတဲ့ မြန်မာ အလုပ်သမား အများအပြားရှိ

ထိုင်းနိုင်ငံတွင်းမှာ ရှိနေတဲ့ မြန်မာ၊ လောနဲ့ ကမ္ဘောဒီးယား အလုပ်သမားတွေကို အလုပ် လုပ်ခွင့် မှတ်ပုံတင်ဖို့ နောက်ဆုံးရက် သတ်မှတ် ပေးထားတာ ဒီကနေ့ ဗုဒ္ဓဟူးနေ့ မှာ ပြည့်သွားပြီ ဖြစ်ပါတယ်။

မနေ့က အထိတော့ အလုပ်သမား ၈သိန်းကျော် မှတ်ပုံတင်ထား ပြီးပြီ ဖြစ်ပြီး ဒီကနေ့ပါ ပေါင်း လိုက်ရင် ၉သိန်းကျော်လောက် ရှိမယ်လို့ ထိုင်း အလုပ်သမား ဝန်ကြီး ဌာနက ပြောပါတယ်။

မှတ်ပုံမတင်တဲ့သူတွေကို နောက်နေ့က စပြီး ဖမ်းဆီး အရေးယူတော့မယ်လို့ ထိုင်း အလုပ် သမား ဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် စူထပ်နီး စူဝုံးဖဲတ် ကပြောပါတယ်။

မြန်မာ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဦးမောင်မြင့်က မှတ်ပုံတင်ရက် တိုးပေးဖို့ တောင်းဆို ထားပေမဲ့ အစိုးရရုံးတွေက လုပ်မပေးနိုင်လို့ မှတ်ပုံမတင်နိုင်တဲ့ အလုပ်သမား တွေ ကျန်နေ သေးတယ် ဆိုတဲ့ အထောက်အထားမျိုး မတွေ့ရတဲ့အတွက် မှတ်ပုံတင်ရက် သက်တမ်းကို တိုးပေးမှာ မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။

သာမန် အလုပ်သမားတွေ အတွက် အလုပ်သမား မှတ်ပုံတင်ရက် ကုန်သွားပေမယ့် ငါးဖမ်း လှေ လုပ်သားတွေအတွက်ကတော့ သြဂုတ်လ ၁၄ရက်နေ့ အထိ မှတ်ပုံတင်ခွင့် ရှိပါသေး တယ်။

အလုပ်သမားဟောင်းတွေကို နိုင်ငံသား စီစစ်ပြီး ယာယီ နိုင်ငံကူးလက်မှတ်တွေ ထုတ်ပေး ရာမှာ ၅သိန်းကျော်သွားပြီ ဖြစ်ပြီး နောက်ထပ် ၄သိန်းကျော်လောက် ကျန်သေးတယ်လို့ သိရပါတယ်။

နိုင်ငံကူးလက်မှတ် သက်တမ်းကို ၆နှစ်အထိ တိုးပေးလိုက်ပြီ ဖြစ်ပေမယ့် ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့် ၄နှစ်သာ ရမှာ ဖြစ်ပြီး ၄နှစ် ပြည့်ရင် မြန်မာနိုင်ငံကို တကြိမ် ပြန်ရမှာ ဖြစ်ကြောင်းနဲ့ အရင်က တစ်နှစ် ပြည့်မှ ထိုင်းနိုင်ငံကို ပြန်လာရမယ်လို့ သတ်မှတ်ချက် ရှိပေမယ့် တစ်နှစ်အစား တစ်လပဲ သတ်မှတ်နိုင်ဖို့ကိုလည်း ထိုင်းအလုပ်သမား ဝန်ကြီး ဌာနက ကြိုးစားနေတယ်လို့ ထိုင်း အလုပ်သမား ဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် စူထပ်နီး စူဝုံးဖဲတ် ကပြောပါတယ်။