သီတင်းသုံးပတ်အတွင်း NLD က ကုလသမဂ္ဂတင်မယ်

  • 15 ဇူလိုင် 2011

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ပါတီ ဆက်လက် ရပ်တည်ရေး ကိစ္စနဲ့ ပတ်သက်ပြီး ဥပဒေကြောင်းအရ အရေးယူ တောင်းဆိုဖို့ လာမယ့် သီတင်းပတ် သုံးပတ် အတွင်း ကမ္ဘာ့ကုလသမဂ္ဂဆီ တင်ပြသွားမယ်လို့ သိရပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ပြီးခဲ့တဲ့ အင်္ဂါနေ့ ဇူလိုင်လ ၁၂ ရက်နေ့က အာဇာနည်ကုန်းသွားလို့ ဗိုလ်ချုပ်ကို ဂါရဝပြုခဲ့

လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို စုစည်းလို့ ကုလသမဂ္ဂကို တင်ပြမယ့် အထဲမှာ NLD ပါတီရဲ့ ဆက်လက် ရပ်တည်မှု အခွင့်အရေးနဲ့ ပတ်သက်ပြီးလည်း တင်ပြသွားမှာပါလို့ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်နဲ့ ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေ ဦးဉာဏ်ဝင်းက ဘီဘီစီကို ပြောပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနဲ့ NLD ပါတီတို့ဟာ ဥပဒေကြောင်းအရ ပါတီ ဆက်လက် ရပ်တည်ခွင့် ရှိတယ်၊ မရှိဘူး ဆိုတာကို အပြန်အလှန် စာတွေရေးလို့ ပြောဆို ထားတာ တွေလည်း ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်းမှာ ဖြစ်ခဲ့ပါတယ်။

NLD ပါတီဟာ ဆက်လက် ရပ်တည်နေကြောင်းကို ပြသတဲ့ အနေနဲ့ လာမယ့် ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် အာဇာနည်နေ့ အခမ်းအနားကို NLD ရုံးချုပ်မှာ ကျင်းပသွား မယ်လို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

အလားတူ ပါတီတခုအဖြစ် ရှိနေဆဲဖြစ်လို့ နိုင်ငံရေး အခမ်းအနားတွေနဲ့ နိုင်ငံရေး လုပ်ဆောင်မှုတွေကို ဆက်လက် လုပ်ဆောင် သွားမယ်လို့လည်း သူက ဘီဘီစီကို ဆက်ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ဖခင်ဖြစ်သူ လွတ်လပ်ရေး ဖခင်ကြီး အာဇာနည် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဂူဗိမာန်ကို လာမယ့် ဇူလိုင်လ ၁၉ ရက်နေ့မှာ သွားရောက်လို့ လွမ်းသူ ပန်းခွေချ၊ ပန်းခြင်းချတာတွေ ဆောင်ရွက်ဖို့ကိုလည်း စောစောပိုင်းက ပြောဖူးတယ်လို့ ဦးဉာဏ်ဝင်းက ဘီဘီစီကို ပြောပါတယ်။