ဦးဝင်းတင် ရေးခဲ့တဲ့ စာအုပ်တွေ ပြန်ထုတ်ခွင့်ရ

  • 15 ဇူလိုင် 2011
U Win Tin
Image caption အစိုးရက သူ့ကို တပ်မတော် အပေါ် ဆန့်ကျင်သူလို့ စွပ်စွဲ နေတယ်လို့ ဦးဝင်းတင် ကဆို

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် သတင်းစာ ဆရာကြီး ဦးဝင်းတင် ရေးသားခဲ့တဲ့ စာအုပ်တွေကို စာပေစိစစ်ရေး က ပြန်လည် ထုတ်ဝေခွင့် ပြုတဲ့အတွက် ကွိ ဘာသာပြန် စာအုပ်ကို ပုဂံ စာအုပ်တိုက်က စတင် ဖြန့်ချိ နေပါပြီ။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ လောက်က သူ့ရဲ့ ရေးသား ချက်တွေ ကို ခုခေတ် လူငယ်တွေ ပြန်ဖတ်နိုင်မှာမို့ နည်းနည်း ဝမ်းသာပေမယ့် သူ့ရဲ့ အသစ် ရေးသား ချက်တွေ မဟုတ်တဲ့ အတွက် သိပ်တော့ မထူးဘူးလို့ ဦးဝင်းတင်က ဘီဘီစီကို ပြောပါတယ်။

ဦးဝင်းတင် ထောင်က လွတ်လာပြီး နောက်ပိုင်း ရေးသားတဲ့ "ဘာလဲဟဲ့ လူ့ငရဲ" လို စာအုပ်မျိုးကတော့ မြန်မာပြည်တွင်းမှာ ထုတ်ဝေခွင့်ရမှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။

အဲဒီစာအုပ်နဲ့ ပတ်သက်ပြီး အစိုးရက သူ့ကို စစ်တပ် ဆန့်ကျင်သူ၊ စစ်ထောက်လှမ်းရေး ကို ဆန့်ကျင်သူ အဖြစ် ပြောဆို ခဲ့ကြောင်း ဆရာ ဦးဝင်းတင်က ဘီဘီစီနဲ့ မေးမြန်းခန်းမှာ ပြောပြခဲ့ပါတယ်။