ကချင် တပ်သားတွေကို အစိုးရတပ် အစုလိုက်သတ် လို့ KIA ပြော

  • 16 ဇူလိုင် 2011
KIA murders ဓာတ်ပုံ မူပိုင် REuters
Image caption အစိုးရတပ်က ဖမ်းပြီး သတ်ပစ်မှုတွေ ရှိတယ်လို့ ကေအိုင်အိုပြော

မြန်မာစစ်အစိုးရတပ်ဖွဲ့တွေက အပစ်အခတ် ရပ်ထားဆဲ ကာလအတွင်းမှာ ကေအိုင်အို ကချင်လွတ်မြောက်ရေး အဖွဲ့ တပ်သားတွေနဲ့ အရပ်သားတချို့ကို အကြောင်းမဲ့ သတ်ဖြတ်မှုတွေရှိခဲ့တယ်လို့ ကေအိုင်အို ဘက်က ပြောလိုက်ပါတယ်။

အသတ်ခံရသူတွေရဲ့ ရုပ်အလောင်းတွေကို ဖျောက်ဖျက်ဖို့လဲ ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။ ကေအိုင်အေဖက်မှာ ဒီအဖြစ်အပျက်တွေအတွက် ဓါတ်ပုံနဲ့ ဗီဒီယို သက်သေအထောက်အထား မှတ်တမ်း တွေလဲ ရှိတယ်လို့ ကေအိုင်အို တွဲဖက် အတွင်းရေးမှူး ဦးလာနန်းက ဘီဘီစီကို ပြောပါတယ်။

ဒီလို သတ်ဖြတ်မှုတွေက ၂၀၀၁ ခုနှစ်နဲ့ ၂၀၀၆ ခုနှစ်တွေမှာ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ပထမဖြစ်ရပ်က မန်ဆီခရိုင် လွယ်ဂျယ်ဒေသ အနီးမှာ ၂၀၀၁ ခုနှစ် မတ်လ ၂၂ ရက်နေ့မှာ ကေအိုင်အေ တပ်မဟာ ၄ တပ်ရင်း ၉ ရဲ့ ခွဲသုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ကချင်ရဲဘော် ၄ ယောက်ကို သတ်ဖြတ်ခဲ့တာလို့ ဦးလာနန်းကပြောပါတယ်။

အဲဒီတနေ့ထဲမှာပဲ နောက်တခါ တပ်မဟာ ၄ နယ်မြေက စိုက်ပျိုးရေး ခြံမှာလည်း နောက်ထပ် ကချင်လူမျိုး ၇ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ လည်းဆိုပါတယ်။

နောက်ထပ် ဖြစ်ရပ်တခုကတော့ ၂၀၀၆ ခုနှစ်မှာ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ မူဆယ်အနီး နမ့်ခမ်းမြို့နားက ကေအိုင်အို နမ့်မူး တိုက်နယ်ရုံးခန်းမှာ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

ပထမဖြစ်ရပ်နှစ်ခု ဖြစ်ပွားစဉ်က တိုင်းမှူး ဟာ အခုဒုတိယသမ္မတ ဖြစ်နေတဲ့ သီဟသူရ ဦးတင်အောင်မြင့်ဦး ဖြစ်ပါတယ်။ နောက်ဖြစ်ရပ်မှာတော့ တိုင်းမှူးက ဗိုလ်ချုပ်မြင့်လှိုင်လို့ ဆိုပါတယ်။

ကေအိုင်အိုအနေနဲ့ အဲဒီကာလတွေတုန်းက အပစ်ရပ် သဘောတူ ညီချက် ပျက်ပြားမှာ စိုးတဲ့ အတွက် အဲဒီကာလတုန်းက လူသိရှင်ကြား ထုတ်ဖော်ပြော ဆိုခဲ့တာ မရှိပေမဲ့ အခုအခါ အပစ်ရပ် သဘော တူညီချက် လည်း ပျက်ပြား ခဲ့ပြီမို့ ပြန်လည် ထုတ်ဖော် ပြောဆိုတာ ဖြစ်တယ်လို့ ဆိုပါတယ်။ လိုအပ်ရင် နောင်မှာ တစုံတရာ အရေးယူ ဆောင်ရွက်မှု တွေလည်း ရှိနိုင်တယ်လို့ ကေအိုင်အို ဗဟိုကော်မတီဝင် ဦးလာနန်းက ပြောပါတယ်။