ရှမ်းပြည်နယ်မှာ တိုက်ပွဲတွေ ဆက်ဖြစ်

  • 16 ဇူလိုင် 2011
ssa ဓာတ်ပုံ မူပိုင် shan herald
Image caption မြန်မာတပ်တွေကို ရှမ်းတပ်ဖွဲ့တွေက ခြုံခို တိုက်ခိုက်ခဲ့ကြ

ရှမ်းပြည်နယ်မှာ ရှမ်းလက်နက်ကိုင် တပ်ဖွဲ့ တွေနဲ့ မြန်မာ အစိုးရတပ်တွေအကြား အပြန် အလှန် ပစ်ခတ်မှုတွေ ပြီးခဲ့တဲ့ ရက်ပိုင်းကစလို့ ပိုပြင်းထန်လာနေရာမှာ စနေနေ့ အထိ တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲပဲ လို့ အဲဒီက လာတဲ့ သတင်းတွေအရ သိရ ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ရက်နေ့က မိုင်းရယ်၊ မိုင်းရှူး၊ ကျေးသီးမြို့နားမှာ စခန်းချနေတဲ့ အစိုးရ စစ်တပ်က အနောက်ဘက်မှာ ရှိတဲ့ ရှမ်းတပ်စခန်းတွေကို အရင် စတိုက်ရာကနေ အခုလို တိုက်ပွဲတွေ အရှိန်မြင့်လာတာ ဖြစ်တယ်လို့ တိုက်ပွဲ အခြေအနေကို စောင့်ကြည့် လေ့လာနေတဲ့ သျှမ်း သံတော်ဆင့် သတင်းစဉ်က ဦးစိန်ကြည်က ဘီဘီစီကို ပြောပြပါတယ်။

တိုက်ပွဲ ဖြစ်ရာ နေရာဆီ စစ်ကူ ရောက်လာတဲ့ အစိုးရ တပ်ဖွဲ့တွေကို နယ်မြေ အနေအထား အရ အသာစီးရနေတဲ့ ရှမ်းတပ်ဖွဲ့တွေက နေရာ အနှံ့အပြားကနေ ခြုံခို တိုက်ခိုက်ခဲ့တဲ့အတွက် အစိုးရတပ်ဖွဲ့တွေ အထိနာခဲ့တယ်လို့လည်း ဆိုပါတယ်။

တိုက်ပွဲတွေအတွင်း အစိုးရ တပ်ဖွဲ့တွေဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပေမဲ့ အရေအတွက် အတိအကျကိုတော့ အတည်မပြုနိုင်သေးပါဘူး။

အခုလို ရှမ်း တပ်စခန်းတွေကို အစိုးရတပ်ဖွဲ့တွေဘက်က ထိုးစစ်ဆင် တိုက်ခိုက်လာတာဟာ SSA ရှမ်းပြည် တပ်မတော်ရဲ့ ဝမ်ဟိုင်း ဌာနချုပ်ကို အမိအရ မသိမ်းနိုင်ခင် အနီးတဝိုက်က ရှမ်းလုံခြုံရေး တပ်စခန်းတွေကို တစပြီး တစ ဖြိုခွင်းချင်တဲ့ သဘော ဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။

အဲဒီဒေသ တဝိုက်မှာ ရှမ်း လက်နက်ကိုင် တပ်ဖွဲ့ ဝင် အနည်းဆုံး လေး၊ငါးရာလောက် ရှိနေသလို အစိုးရ ဘက်ကလည်း နဂိုကတည်းက တပ်ဖွဲ့ဝင် နှစ်ရာလောက် ရှိနေရာမှာ နောက်ထပ် တပ်ကူတွေ ပို့ထားတာမို့ တိုက်ပွဲ အခြေအနေတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ဦးစိန်ကြည်က သုံးသပ်ပါတယ်။

တိုက်ပွဲတွေကြောင့် အနီးတဝိုက်က ဒေသခံရွာသားတွေ ကေးစီး၊ မွန်းရယ်နဲ့ လားရှိုးမြို့ တွေဆီ ထွက်ပြေးလာကြသလို တချို့လည်း တောတွေ တောင်တွေထဲ ထွက်ပြေး ခိုလှုံနေ ကြရတယ်လို့ ပြောပါတယ်။