ကချင်ပြည်နယ် တိုက်ပွဲတွေတွင်း အသေအပျောက်ရှိ

  • 17 ဇူလိုင် 2011
Image caption အစိုးရတပ်တွေဟာ အဝိုင်းခံထားရ သလို ဖြစ်နေပြီး ထိခိုက်ကျဆုံးမှုတွေ ရှိနေ

ကေအိုင်အေနဲ့ အစိုးရစစ်တပ်တွေအကြား တိုက်ပွဲတွေ ကချင်ပြည်နယ် အတွင်း နေရာတော်တော် များများမှာ ဆက်လက် ဖြစ်ပွားနေရာ ဒီကနေ့ နေ့လည် (၁၂) နာရီ ကျော်လောက်က မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့နယ်ခွဲ ‘နမ်ဆန်ယန်’ ရွာအနီးက ကားလမ်းတောင်ကြော တနေရာမှာ အပြန်အလှန် တိုက်ပွဲငယ်တခု ဖြစ်ပွားခဲ့ပါတယ်။

ကေအိုင်အေ တပ်မဟာ (၅) ရင်း(၁၈) နဲ့ မပခ လက်အောက်ခံ ခလရ (၂၁) တို့အကြား မနေ့ နေ့လည် ၂ နာရီလောက်မှာ နာရီ၀က်ခန့်ကြာ တိုက်ပွဲတခု ဖြစ်ပွားခဲ့ပြီး နောက် ရပ်ဆိုင်းသွားခဲ့ရာက၊ ညနေ ၆ နာရီကျော်လောက်မှာ နောက်တကြိမ် ထပ်မံထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြတာ ဖြစ်ပါတယ်။

ည ၁၀နာရီလောက်အချိန်အထိ တနာရီကြာ တိုက်ပွဲတွေ ၃ ကြိမ်လောက် ဖြစ်ပွားခဲ့ပါတယ်။ အဲဒီတိုက်ပွဲတွေ အတွင်း ခလရ ၂၁ ဖက်က (၃) ဉီး ကျဆုံးပြီး (၁၀) ဉီးကျော် ဒဏ်ရာရရှိသွားခဲ့တယ်လို့ ကေအိုင်အေ ရှေ့တန်း စစ်ဖက်ရပ်ကွက်က ဆိုပါတယ်။

ခလရ ၂၁ ဟာ ကေအိုင်အေ ရင်း(၁၈) နဲ့ သာမက ရင်း(၁၈) နဲ့ နယ်မြေ တဆက်တည်း တည်ရှိနေတဲ့ ကေအိုင်အေ ရင်း(၂၃) နဲ့ပါ ရင်ဆိုင်နေရတဲ့အတွက် အဝိုင်းခံထားရ သလို ဖြစ်နေပြီး ထိခိုက်ကျဆုံးမှုတွေ ရှိနေပါတယ်။

ကေအိုင်အေဖက်ကလဲ စစ်လမ်းကြောင်းကို ပိတ်ဆို့ဘို့ မိုင်းချရာမှ တဉီးဒဏ်ရာရမှု ဖြစ်ခဲ့ တယ်လို့ဆိုပါတယ်။ အလားတူပဲ၊ မနေ့ စနေနေ့ကပဲ ရွှေကူမြို့နယ်အတွင်းရှိ ကေအိုင်အေ တပ်မဟာ ၂၊ ရင်း ၅နယ်မြေခွင် အတွင်းမှာ ရင်း ၅ တပ်ဖွဲ့၀င်တွေနဲ့ အစိုးရ စစ်တပ် ခလရ(၁၄၁) တို့အကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာ ရှိခဲ့ပြီး ခလရ (၁၄၁) ဖက်မှ (၄)ဉီး ကျဆုံးကာ (၂) ဉီး ဒဏ်ရာရသွားခဲ့တယ်လို့ ကေအိုင်အေဖက်က ဆိုပါတယ်။

မန်စီ မြို့နယ်အတွင်းမှာလဲ ကေအိုင်အေတပ်မဟာ ၃၊ ရင်း(၁၂) ရင်း(၂၇)တပ်ဖွဲ့၀င်တွေနဲ့ အစိုးရစစ်တပ် ခလရ (၁၀၅) တို့အကြား မနေ့က ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ ကြောင်း ထပ်မံသိရပါတယ်။

အထိအခိုက်အကျအဆုံးတွေကို မသိရသေးသလို၊ မနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေ အတွင်း သေကျေထိခိုက် ဒဏ်ရာရမှု အရေအတွက် စာရင်းတွေနဲ့ ပတ်သက်ပြီးတော့ ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုချက်တော့ ရယူနိုင်ခြင်းမရှိသေးပါဘူး။