တိုက်ပွဲတွေကြောင့် ကချင်ပြည်သူတွေဒုက္ခရောက်

  • 18 ဇူလိုင် 2011
ကချင်ဒုက္ခသည်များ
Image caption ကချင်ဒုက္ခသည်များ

ကချင်ပြည်နယ်မှာ ဇွန် ၉ ရက်နေ့ ကစပြီး၊ ကေအိုင်အေနဲ့ အစိုးရစစ်တပ် အကြား အဆက်မပြတ်လိုလို တိုက်ပွဲတွေ ဖြစ်ပွား နေခဲ့တာကြောင့် အထူးသဖြင့် တိုက်ပွဲဖြစ်ပွားရာ နေရာတွေ အနီးက ဒေသခံတွေဟာ စစ်ဘေး စစ်ဒဏ် ရှောင်ရင်း၊ ကေအိုင်အို ဌာနချုပ် လိုင်ဇာမှာ ဒုက္ခသည် တွေအဖြစ် သောင်းနဲ့ချီ ရှိနေပါတယ်။

လဂျားယန်၊ မဒီးယန်၊ ဂါးရာယန်၊ ခါရာ၊ နမ်ဆန်ယန်-စတဲ့ ကျေးရွာတွေက တောင်ယာသမား၊ ခြံသမားတွေလဲ တောင်ယာပစ် အိမ်ပစ် ခြံပစ် ပစ်ပြီး ဒုက္ခမျိုးစုံ ကြုံတွေ့ နေရပါတယ်။

အခုရက်ပိုင်းအတွင်းမှာဆိုရင်-ကားတွေလဲ လုံးဝမထွက်နိုင်ပဲ လဂျား ယန်ဖက် လိုင်ဇာဖက်မှာ စုပြုံရပ်ဆိုင်းထားရပြီး လမ်းပန်းဆက်သွယ်မှုတွေလဲ ပြတ်တောက်နေ ရပါတယ်။ အစိုးရစစ်တပ်တွေရဲ့စစ်ကြောင်း လှုပ်ရှားမှုတွေကတော့ ကနေ့လဲ ဆက်လက်ရှိ လာတဲ့အတွက် ဒေသခံသာမန်ပြည်သူတွေ ရင်မအေး ဖွယ်ဖြစ်နေရပါတယ်။ပြီးခဲ့တဲ့ (၂)ရက်ကမှ လိုင်ဇာကို ရှောင်တိမ်းလာခဲ့တဲ့၊ နမ်ဆန်ယန်ရွာအနီး ခါရာရွာက ရာဘာခြံသမား ကချင် အဖိုးကြီးတဦး ပြောပြတာကတော့ ကားတွေနှစ်ရက်တောင်မထွက်ဘဲကားကြီးဂိတ်တွေမှာ လူတွေ ကုန်တွေစုပုံနေကြောင်း ဒုက္ခသည်စခန်းမှာလည်း ကလေး၅ယေက်လောက် သေဆုံးကြောင်းပြောသွားပါတယ်။

အလားတူပဲ၊ လိုင်ဇာက ဒေသခံကချင်လူငယ်တဦးကို ဆက်သွယ် မေးမြန်းကြည့်တဲ့အခါ မှာတော့ စစ်ကြောင်းသစ်တွေဒီကနေ့ချီတက်ရာမှာ အရပ်သားပေါ်တာ အထမ်း သမားတွေမြင်တွေ့ခဲ့ရကြောင်း ဘီဘီစီကို ပြောပြသွားပါတယ်။