၆၄ နှစ် ပြည့် အာဇာနည်နေ့

  • 19 ဇူလိုင် 2011
_aung_san_ ဓာတ်ပုံ မူပိုင် AP
Image caption အာဇာနည် ဗိုလ်ချုပ်အောင်ဆန်း

ကနေ့ ကျရောက်တဲ့ ၆၄ နှစ်ပြည့် အာဇာနည်နေ့ ဟာ အစိုးရသစ် လက်ထက်မှာ ပထမဆုံး အကြိမ် ကျင်းပတဲ့ နေ့ ဖြစ်တဲ့အတွက် အရင် စစ်အစိုးရ လက်ထက်တုန်း ကလို တမင်မှေးမှိန် အောင် လုပ်ဦးမှာလား ဆိုပြီး သံသယ ဝင်မှုတွေ ရှိနေကြပါတယ်။

မြန်မာ့လွတ်လပ်ရေး အတွက် အသက်စတေး သွားကြတဲ့ အာဇာနည် ခေါင်းဆောင်ကြီး တွေ ရဲ့ ကျန်ရစ်တဲ့ မိသားစု တွေ အနေနဲ့ အာဇာနည်နေ့ ကို နှစ်ခြောက်ဆယ် ကျော် ဖြတ်သန်း ခဲ့ရပြီ ဖြစ်တဲ့ အတွက်၊ သူတို့ရဲ့ အတွေ့အကြုံ ကို ဘီဘီစီ က မေးကြည့်ခဲ့ပါတယ်။

မိုင်းပွန်စော်ဘွားကြီး ရဲ့ သားဖြစ်သူ ဦးစဝ်ကိုင်ဖ ကတော့၊ အရင်က ဆိုရင် အာဇာနည်နေ့ အခမ်းအနားကို အာဇာနည်ကုန်းမှာ ကျင်းပရာမှာ ဖိတ်စာနဲ့ တကွ ဖိတ်သလို၊ နိုင်ငံ အကြီးအကဲ တွေ ကိုယ်တိုင် တက်ရောက် အလေးပြု ဂါရဝ ပြုတယ်လို့ ဘီဘီစီ ကို ပြောပြပါတယ်။ အခုတော့ မော်တော်ကား ဝင်ခွင့် လက်မှတ်ပဲ ထုတ်ပေးပြီး၊ ဒါကိုပဲ ဖိတ်စာသဘော ထားရပုံ ရှင်းပြပါတယ်။ ဒါပေမဲ့ သူ့ အနေနဲ့ တော့ မိဖ ကို သွားရောက် ဂါရဝ ပြုရတာကိုပဲ ကျေနပ်လို့ ဘယ်လို့မှ သဘောမထားပုံ ကို ဘီဘီစီကို ပြောပါတယ်။

ဆရာကြီး ဦးရာဇတ် ရဲ့မြေးဖြစ်သူ ညိုမီရာဇတ် ကလဲ အရင်တုန်းက ဖိတ်စာနဲ့ တကွ ဖိတ်ကြားသလို၊ အာဇာနည်ကြီးတွေရဲ့ အထ္ထုပ္ပတ္တိ အကျဉ်း စာအုပ်တွေ၊ ရင်ထိုးတံဆိပ် စသဖြင့် ပေးဝေပုံ၊ အခုတော့ မြို့တော်စည်ပင် အဆင့် မှတာဝန်ယူ ဖိတ်ကြား စီစဉ်တဲ့ အနေအထား ရောက်လာလို့ စိတ်မကောင်း ဖြစ်ပုံတွေ ကို ဘီဘီစီ ကို ပြောပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လဲ အာဇာနည်ကုန်းမှာ ဖခင် ဗိုလ်ချုပ်အောင်ဆန်း နဲ့ တကွ ကျဆုံးလေပြီးတဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေ ကို သွားရောက် ဂါရဝ ပြုပါတယ်။ သံဃာတော်တွေကိုလဲ နေအိမ်မှာ အာရုံဆွမ်းကပ်၊ ဆုတောင်းအမျှပေးဝေခဲ့ပါတယ်။