မြန်မာသင်္ဘောတွေကို ဘင်္ဂလားဒေ့ရှ် ရေတပ်က ရှာဖွေ

  • 19 ဇူလိုင် 2011
Image caption မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံအကြား ရေကြောင်းအရ ကုန်သွယ်မှုတွေ လုပ်နေ

မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ဝင်လာတဲ့ မော်တော်ဘုတ်တွေ၊ သင်္ဘောတွေ ကို ဘင်္ဂလားဒေ့ရှ် ရေတပ်က ရှာဖွေ စစ်ဆေးမှုတွေ ပိုလုပ်လာနေပါတယ်။

မြန်မာနိုင်ငံဘက်က အရက်နဲ့ ယာဘ ဆေးပြား တွေ အပါအဝင် မူးယစ်ဆေးဝါးတွေ တင်သွင်း လာတယ် ဆိုတဲ့ သတင်းတွေကြောင့် အခုလို ပိုက်စိပ်တိုက် ရှာဖွေ စစ်ဆေးမှုတွေ လုပ်နေတာ လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ် ရေတပ်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ဝင်လာတဲ့ မြန်မာ လှေသင်္ဘော မှန်သမျှကို အုန်းကျွန်းအဝမှာ ကျောက်ချ ရပ်နားပြီး ရှာဖွေ စစ်ဆေးနေတာလို့ ဆင်မဖြူကျွန်းက မြန်မာ ကုန်သည် တဦးက ဘီဘီစီကို ပြောပြပါတယ်။

တခါ အဲဒီကနေ နတ်မြစ်ထဲ ရောက်လာရင်လည်း ကမ်းခြေစောင့်တပ်တွေက ကုန်းပေါ်မှာ စခန်းဖွင့်ထားပြီး ထပ်မံ စစ်ဆေး ရှာဖွေတာတွေ လုပ်တယ်လို့ ပြောပါတယ်။

မြန်မာဘက်က မူးယစ်ဆေး တင်သွင်းသူတချို့ ရှိနေတယ်လို့လည်း သူက ပြောပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံဘက်က လာတဲ့ မော်တော်ဘုတ် အများစုက နိုင်ငံက ခွင့်ပြုထားတဲ့ သစ်နဲ့ နွားတွေကို တင်ပို့ကြတာ ဖြစ်ပါတယ်။