မြန်မာ့အရေး ပိုလုပ်ဖို့ အိန္ဒိယကို ကလင်တန် တိုက်တွန်း

  • 21 ဇူလိုင် 2011
Clinton ဓာတ်ပုံ မူပိုင် AFP
Image caption ဟီလာရီ ကလင်တန်က အိန္ဒိယကို ပိုပြီး ဦးဆောင်မှု ပေးဖို့ ပြောခဲ့ပါတယ်

မြန်မာ အစိုးရကို ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံ ဆွေးနွေး လာအောင် နဲ့ နိုင်ငံရေး အကျဉ်းသား တွေကို လွှတ် ပေးအောင် ဆက် တိုက်တွန်းဖို့ အိန္ဒိယ နိုင်ငံ ချန်နိုင်း (Chennai) မြို့ကို ရောက်ရှိ နေစဉ်မှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ပြောလိုက် ပါတယ်။

သူဟာ အင်ဒိုနီးရှား နိုင်ငံ ဘာလီကျွန်းမှာ ကျင်းပနေတဲ့ အာဆီယံ အရှေ့တောင် အာရှ နိုင်ငံများ အသင်း နိုင်ငံခြားရေး ဝန်ကြီးများ အစည်းဝေးနဲ့ အတူ တဆက်ထဲ ကျင်းပမယ့် ARF အာဆီယံ ဒေသဆိုင်ရာ ညီလာခံ ကိုလည်း စနေနေ့ ကျရင် တက်ရောက်ဖို့ ရှိနေ ပါတယ်။

အင်္ဂါနေ့ တုန်းက ကျင်းပ ခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းဝေး အပြီး ပူးတွဲ ထုတ်ပြန် ကြေညာချက် မှာတော့ ၂၀၁၀ ရွေးကောက်ပွဲ ပြီးတဲ့ နောက်ပိုင်း မြန်မာနိုင်ငံမှာ နိုင်ငံရေး အပါအဝင် တဖြည်းဖြည်း ဖြစ်ပေါ် တိုးတက် မှုတွေရှိ နေတာကို မြန်မာ နိုင်ငံခြားရေး ဝန်ကြီးက ရှင်းပြ ခဲ့ကြောင်းနဲ့ မြန်မာ နိုင်ငံရဲ့ အပြုသဘော တိုးတက်မှု တွေကို အာဆီယံက ကြိုဆိုကြောင်း ဖေါ်ပြ ထားပါတယ်။

ဒါ့အပြင် ၂၀၁၄ ခုနှစ်မှာ အာဆီယံ ဥက္ကဌ တာဝန်ယူဖို့ မြန်မာ နိုင်ငံရဲ့ ဆန္ဒကိုလည်း အာဆီယံက အကောင်းမြင်စဉ်းစားပြီး အာဆီယံ နိုင်ငံ ခေါင်းဆောင် တွေဆီ ဆက်လက် တင်ပြ သွားမယ်လို့ ဆိုထား ပါတယ်။

မြန်မာနိုင်ငံ လက်ရှိ အစိုးရရဲ့ ဆောင်ရွက်ချက် တွေကို အာဆီယံက ချီးကျူး အားပေး နေချိန်မှာ အမေရိကန် ပြည်ထောင်စု ကတော့ ၂၀၀၃ ခုနှစ်မှာ စတင် ချမှတ် ခဲ့တဲ့ မြန်မာ အပေါ် ပိတ်ဆို့ အရေးယူမှု တွေကို သက်တမ်း တိုးဖို့ အောက်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။