မိုင်းရယ် စစ်ဗျူဟာရုံးကို ရှမ်းတပ်မတော် ထိုးစစ်ဆင်

SSA ဓာတ်ပုံ မူပိုင် Shan Herald
Image caption ရှမ်း ဌာနချုပ်ကို အစိုးရ တပ်ဖွဲ့ ဝိုင်းဝန်း ထိုးစစ်ဆင်

အစိုးရ စစ်တပ်တွေ SSA ဗဟို ကို အာရုံစူးစိုက် ထိုးစစ် မဆင်နိုင်အောင် မိုင်းရယ်က စစ်အစိုးရ လှုပ်ရှား ဗျူဟာ စခန်းကို SSA ကတန်ပြန် ထိုးစစ် ဆင်ခဲ့ပါတယ်။

အင်အား ၃၀၀ လောက်ရှိတဲ့ မိုင်းရယ် လှုပ်ရှား ဗျူဟာ စခန်းကို SSA အင်အား ၁၀၀ လောက်နဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အစိုးရရဲ့ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်က တပ်ရင်း ၅ ရင်းနဲ့ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်က တပ်ရင်း ၁၀ ရင်း ပူးတွဲပြီး SSA ဗဟိုကို ဝိုင်းရံ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

တပတ်အတွင်း မှာတော့ ဝမ်းဟိုင်း ဗဟို ကျနိုင်မယ့် အလားအလာ မရှိသေးဘူးလို့ SSA ရဲ့ ပြောရေး ဆိုခွင့်ရှိ ပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလက ပြောပါတယ်။

အစိုးရဘက်က အကျအဆုံးများတယ်လို့ SSA ဘက်က ပြောပေမဲ့ သီးခြား အတည်ပြုချက်တော့ မရှိပါဘူး။

ကချင်ပြည်နယ်ဘက်မှာ အစိုးရ အနေနဲ့ စစ်ပွဲ ဆင်နွဲနေတာဟာ ပဋိပက္ခနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ ကြောင့် ဖြစ်ပေမဲ့ ရှမ်းကို တိုက်တာကတော့ သေနင်္ဂဗျူဟာ အရ စနစ်တကျ စီစဉ်ပြီး အပြုတ်တိုက်တာ ဖြစ်နိုင်တယ်လို့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ် ရဲဘော် ဖိုးသံချောင်းက ပြောပါတယ်။

SSA ကို အပြုတ်တိုက်နိုင်ရင် ဝစစ်တပ်နဲ့ SSA တောင်ပိုင်းတို့ကို စစ်အစိုးရ အနေနဲ့ ပိုပြီး ဖိအားပေးနိုင်သလို ရိက္ခာလမ်းကြောင်း၊ စီးပွားရေး လမ်းကြောင်းတွေကို ဖြတ်တောက်နိုင်မယ်လို့ လည်း ရဲဘော်ဖိုးသံချောင်းက သုံးသပ်ပါတယ်။