ကချင်နဲ့ကရင်ပြည်နယ်တွေမှာ တိုက်ပွဲတွေဆက်

  • 21 ဇူလိုင် 2011
ဓာတ်ပုံ မူပိုင် bbc
Image caption ပြီးခဲ့တဲ့လ ၉ ရက်နေ့က စလို့ ကချင်ဒေသတွေ မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေခဲ့

ကေအိုင်အေနဲ့ အစိုးရစစ်တပ်တွေ အကြား၊ ဒီကနေ့မနက်မှာ တိုက်ပွဲဖြစ်ပွား ခဲ့သလို ကရင်ပြည်နယ် ကျောက်တောင်ရွာအနီးမှာ ဒီကေဘီကေနဲ့ အစိုးရ တပ်တွေ အကြား တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေပါတယ်။

ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ဇွန်လ (၉) ရက်နေ့ ကတည်းကစပြီး ဒေသတော်တော် များများမှာ တိုက်ပွဲတွေ ဆက်တိုက် ဆိုသလို ဖြစ်ပွားနေရာ၊ ဒီကနေ့မနက် (၈) နာရီ ကျော်လောက်မှာ မိုးမောက်မြို့နယ်‘ဆန်ဂန်’ ရွာအအနားက၊ ကေအိုင်အေ တပ်မဟာ (၃) ရင်း (၁၅) နယ်မြေ အတွင်းမှာ ကေအိုင်အေနဲ့ အစိုးရတပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

အလားတူ မနေ့ညနေပိုင်းကလည်း မန်စီမြို့နယ်၊ မိုင်းခေါင်ရွာ အနီးက နန်ဖူဒေသမှာ ကေအိုင်အေ တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း(၁၂)၊ တပ်ရင်း(၂၇) က ပူးပေါင်း တပ်ဖွဲ့၀င်တွေနဲ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) လက်အောက်ခံ ခမရ(၃၁၉)၊ ခလရ (၄၇) က ပူးပေါင်းတပ်ဖွဲ့၀င်တွေ အကြား တိုက်ပွဲဖြစ်ပွားခဲ့ ပါတယ်။

ဓာတ်ပုံ မူပိုင် afp
Image caption တိုက်ပွဲက ပစ်ခတ်သံတွေကို မြဝတီမြို့ထဲကနေ ကြားနေရတဲ့အတွက် မြို့ခံတွေက စိုးရိမ်နေကြ

တခါ ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် ကျောက်တောင်ရွာအနီးမှာ ဒီကေဘီအေတပ် တွေနဲ့ အစိုးရတပ်တွေအကြား မနေ့ည သန်းခေါင်းယံ ကစပြီး ဒီကနေ့အထိ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေပါတယ်။

ဒီတိုက်ပွဲမှာ အစိုးရစစ်တပ်ဘက်က တပ်ရင်း ၂၇၅၊ ၃၅၆၊ ၂၅၅ တို့နဲ့အတူ နယ်ခြားစောင့်တပ် ဗိုလ်စိန်ဦးစီးတဲ့ ပူးပေါင်းတပ်တွေပါဝင်ပြီး သူပုန်တွေဘက်တော့ ကေအန်ယူ၊ ဒီကေဘီအေ နဲ့ ကျောင်းသားတပ်မတော် တပ်ဖွဲ့တွေ ဖြစ်ကြတယ်လို့ ဒေသခံတဦးကပြောပြပါတယ်။

ကေအန်ယူနဲ့ ကျောင်းသားတပ်တွေက မြဝတီမြို့ဘက်ကို ပိုပြီးချဉ်းကပ်လာနေတဲ့အတွက်၊ ဒီနေ့မနက်ပိုင်းမှာ မြ၀တီမြို့အနားက အစိုးရတပ်တွေက အဝေးပစ် မော်တာတွေနဲ့ ကူပစ် ပေးနေရတယ်လို့လည်း မြို့ခံတွေကပြောပါတယ်။

နှစ်ဘက်အသေအပျောက် ရှိမရှိကိုတော့ မသိရသေးပါဘူး။ တိုက်ပွဲက မော်တာပစ်သံတွေနဲ့ မောင်းပြန်သေနတ် ပစ်ခတ်သံတွေကိုပါ မြဝတီမြို့ထဲကနေ ကြားနေရတဲ့ အတွက်၊ မြို့ခံတွေ က စိုးရိမ်နေကြတယ်လို့ ပြောပါတယ်။