မြန်မာ အာဆီယံ ဥက္ကဌဖြစ်ရေး ဆက်စဉ်းစားမည်

  • 21 ဇူလိုင် 2011
ASEAN နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး ဓာတ်ပုံ မူပိုင် AFP
Image caption ASEAN နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ကျင်းပနေတဲ့ ၄၄ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးက မြန်မာနိုင်ငံ အလှည့်ကျ ဥက္ကဌ ဖြစ်ရေးအဆိုကို ထောက်ခံပြီး အာဆီယံ ထိပ်သီး အစည်းအဝေးကို စဉ်းစား ဆုံးဖြတ်ဖို့ တင်ပြမယ်ကို ကြေညာ သွားပါတယ်။

မြန်မာအစိုးရဘက်က အစည်းအဝေးမှာ ရှင်းလင်းပြောကြားချက်တွေကို အပြုသဘောလက်ခံပြီး ၂၀၁၄ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဌတာဝန်ယူဖို့ ဆက်ဆွေးနွေး ကြရမှာဖြစ်ပါတယ်။ ဒါကြောင့် အခုအချိန်မှာ အပြီးသတ် ဆုံးဖြတ်ချက် မချရသေးတဲ့အကြောင်း အိမ်ရှင်အဖြစ် အရွေးခံရရင် ထိပ်သီး အစည်းအဝေးတွေ လက်ခံ ကျင်းပရုံသာ မကဘဲ အခြားအချက်တွေလည်း ထည့်သွင်း စဉ်းစားစရာတွေ ရှိသေးတယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီး မာတီ နာတာလဂါဝါက ဘီဘီစီကို ပြောပါတယ်။

AIPMC လို့ခေၚတဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ ဥက္ကဌ Eva Kusuma Sundari ကတော့ လူ့အခွင့်အရေး NGO တွေအတွင်း မြန်မာနိုင်ငံဥက္ကဌ ဖြစ်ရေးမဖြစ်ရေး သဘောထားကွဲလွဲနေကြောင်း သူတို့အဖွဲ့အနေနဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေး အရတွေ့ဆုံဆွေးနွေးပွဲလို တိကျတဲ့ အပြောင်းအလဲတွေလုပ်ပြမှ လက်ခံ နိုင်မယ်လို့ ဘီဘီစီကို ပြောပြသွားပါတယ်။

ဒီကနေ့အစီအစဉ်မှာ အာဆီယံနဲ့ တရုတ်အပါအဝင် ဆွေးနွေးဖက်နိုင်ငံတွေနဲ့ ဆက်လက်ဆွေးနွေးနေကြပါတယ်။ မနက်ဖန်မှာတော့ ARF အာဆီယံဒေသတွင်း ဆွေးနွေးပွဲစတင်မှာဖြစ်ပါတယ်။ အဲဒီဆွေးနွေးပွဲမှာ တောင်တရုတ်ပင်လယ် ရေပိုင်နက်ကိစ္စ မြောက်ကိုရီးယား ပြဿနာနဲ့ မြန်မာနိုင်ငံအကြောင်း ဆွေးနွေး ကြမှာဖြစ်ပါတယ်။