ဥပဒေအတိုင်းဆောင်ရွက်ဖို့ ကော်မရှင်ကို တိုက်တွန်းမယ်

  • 21 ဇူလိုင် 2011
Image caption ရွေးကောက်ပွဲအပြီး ကော်မရှင်အနေနဲ့ ပါတီ အားလုံးကို ပထမဆုံး တွေ့ဆုံရမှာဖြစ်တယ်

ရွေးကောက်ပွဲ ကော်မရှင်က၂၀၁၀ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီ ၃၇ ပါတီ လုံးကို လာမယ့် ၂၇ ရက်နေ့မှာ တွေ့ဆုံဖို့ နေပြည်တော်ကို ဖိတ်ခေါ်ထား ပါတယ်။

ရွေးကောက်ပွဲကော်မရှင်နဲ့တွေ့တဲ့အခါ တင်ပြ ဖို့အတွက် ဒီမိုကရေးစီ မိတ်ဆွေ ၁၀ ပါတီက ဒီကနေ့ တွေ့ဆုံဆွေးနွေး တိုင်ပင်ခဲ့ကြပါတယ်။

ပြီးခဲ့ရွေးကောက်ပွဲအပြီး ရွေးကောက်ပွဲ ကော်မရှင်နဲ့ ပထမဆုံး တွေ့ဆုံရမှာဖြစ်လို့ ပြီးခဲ့ရွေးကောက်အတွေ့အကြုံအရ ရွေးကောက်ပွဲ ကော်မရှင်ကနေ ဥပဒေအတိုင်း တိတိကျကျ လုပ်ကိုင်ဖို့ကို အဓိက တိုက်တွန်းမယ်လို့ မိတ်ဆွေပါတီတွေ ဆွေးနွေးခဲ့ကြတယ်လို့ ဒေါက်တာသန်းငြိမ်းက ပြောပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲလုပ်တဲ့အခါ ကော်မရှင်ရဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေနဲ့ သမာသမတ် ကျကျလုပ်သွားစေချင်ကြောင်းနဲ့ အုပ်ချုပ်ရေးပိုင်းကနေ ဝင်ရောက် ဆောင်ရွက်တာတွေကို မလိုလားကြောင်း သူကဆက်ပြောပါတယ်။

အဓိကအကျဆုံး ကိစ္စရပ်ကတော့ ကြိုတင်မဲကိစ္စမှာ စီစဉ်ဆောင်ရွက်တဲ့လူတွေဟာ ဥပဒေတွေကို တိတိကျကျလုပ် လိုက်နာဖို့ကို ညွှန်ကြားပေးဖို့ လိုလားကြောင်းကို လည်းပြောပါတယ်။

ဒါ့အပြင် မဲပေးပိုင်ခွင့်ရှိသူတွေရဲ့ စာရင်းကိုလည်း အရွေးခံတဲ့ အမတ်တွေကို အခမဲ့ တစ်စုံစီ ပေးဖို့ကိုလည်း တောင်ဆိုမယ်လို့ မိတ်ဆွေပါတီတွေက ဆွေးနွေးခဲ့တယ်လို့ ဒေါက်တာ သန်းငြိမ်းက ပြောပါတယ်။