နိုင်ငံရေး အကျဉ်းသား လွှတ်ပေးဖို့ အမေရိကန် တိုက်တွန်း

  • 22 ဇူလိုင် 2011
ASEAN ဓာတ်ပုံ မူပိုင် AFP
Image caption ၂၀၁၁ အာဆီယံ လုံခြုံရေး အစည်းအဝေး

မြန်မာ အစိုးရ အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးဖို့ မြောက်ကိုရီးယားနဲ့ မြန်မာ အကြား နျူးကလီးယားဆိုင်ရာ ဆက် သွယ်ဆောင်ရွက်မှုနဲ့ ပတ်သက်တဲ့ နိုင်ငံ တကာရဲ့ စိုးရိမ်ပူပန်မှုကို ဖြေရှင်း ပေးဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က တောင်းဆိုလိုက်ပါတယ်။

မြန်မာအနေနဲ့ ဒီအချက်တွေကို ဆောင်ရွက်ဖို့ ဆက်လက် ငြင်းဆန်နေရင် အာဆီယံအဖွဲ့ အတွင်း စည်းလုံး ညီညွတ်မှုကို အန္တရာယ်ဖြစ်စေနိုင်တယ်လို့ လည်းပြောပါတယ်။

အမေရိကန် ပြည်ထောင်စုအနေနဲ့ အာဆီယံရဲ့ ဥက္ကဌရွေးချယ်တဲ့ ဆုံးဖြတ်ချက်ကို လေးစား ကြောင်း၊ ဥက္ကဌတာဝန်ယူမယ့် နိုင်ငံဟာ အာဆီယံရဲ့ ဂုဏ်သိက္ခာကို မြှင့်တင် နိုင်မှုရှိမရှိကို လည်း အာဆီယံ အနေနဲ့ ထည့်သွင်းစဉ်းစားမယ်လို့ ယုံကြည်ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ပြုလုပ်တဲ့ အာဆီယံ ဒေသတွင်း လုံခြုံရေး ဆွေးနွေးပွဲမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံကို အာဆီယံဥက္ကဌနေရာ ပေးရေး မပေးရေးနဲ့ ပတ်သက်ပြီး အမြင် ကွဲလွဲမှုတွေရှိနေချိန်မှာ အခုလို ထုတ်ဖော်ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။