KIA နဲ့ အစိုးရကြား တိုက်ခိုက်မှုတွေဆက်

  • 22 ဇူလိုင် 2011

ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ မြန်မာအစိုးရတပ်ကြား တိတိကျကျ အပစ်ရပ်ပြီး နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ မရှင်းမချင်း နှစ်ဘက်ကြား တိုက်ခိုက်မှုတွေ တင်းမာမှုတွေကတော့ ရှိနေဦးမှာပဲလို့ KIO က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် KIO
Image caption KIO နဲ့ အစိုးရ နှစ်ဘက် ဆွေးနွေးခဲ့ကြတယ်

အစိုးရဘက်က စေ့စပ်ညှိနှိုင်းဖို့ လူတွေ လွှတ်နေပေမယ့် တပ်နဲ့ အစိုးရကြားမှာ လွန်ဆွဲမှုတောင် ရှိကောင်း ရှိနိုင်တယ်လို့ KIO ရဲ့ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးလာနန်းက ဘီဘီစီကို ပြောပါတယ်။

အပစ်ရပ်ဖို့ကို လူလွှတ်တာ၊ စာပို့တာတွေ လုပ်ပေမယ့် မြေပြင်မှာတော့ စစ်အင်အား ဖြည့်တင်းတာတွေ လုပ်လာတာကြောင့် အပစ်မရပ် မချင်းတော့ တိုက်နေကြဦး မှာပဲလို့လည်း သူက ပြောပါတယ်။

အခုရက်ပိုင်းမှာလည်း အစိုးရတပ်တွေဘက်က KIO အခြေစိုက်တဲ့ လိုင်ဇာဘက်ကို တိုက်စစ်ဆင်ဖို့ လှုပ်ရှားမှုတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်လာသလို KIO ဘက်ကလည်း အစိုးရတပ်ဖွဲ့တွေ လိုင်ဇာဘက်ကို အလွယ်တကူ မလာနိုင်အောင် တံတား ဖောက်ခွဲမှုတွေ လုပ်ခဲ့တယ်လို့ ဦးလာနန်းက ပြောပါတယ်။

မနေ့ညကတော့ အစိုးရတပ်က ဒေါ့ဖုန်းယံစခန်းကနေ KIA တပ်ရင်း ၂၄ ရှိတဲ့ဘက်ကို ပစ်ခတ်မှုတွေ ရှိခဲ့ပေမယ့် ထိခိုက်မှုတွေ မရှိခဲ့ဘူးလို့ KIO ဘက်က ပြောပါတယ်။