ပဲခူး​ရေ​ကြီး ဘူတာရုံ​ရှေ့ လှေလှော်​နေရ

  • 24 ဇူလိုင် 2011

ပဲခူးမြိုနယ်မှာ ရိုးမတောင်ကျရေနဲ့ ပင်လယ်ဒီရေ တိုးလာတဲ့အတွက် မြေနိမ့်ပိုင်းက ရပ်ကွက်ပေါင်း(၈)ရပ်ကွက်လောက် ရေကြီးရေမြုပ်ခဲ့ပြီး အိမ်ခြေပေါင်းတသောင်း ကျော် စားသောက် နေထိုင်ရေး အခက်တွေ့နေရတယ်လို့ သိရပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption မြန်မာပြည်မှာ ဒီတိုးလို့ရော မိုးကြီးလို့ပါ ရေကြီးတာတွေကတော့ ခဏခဏဖြစ်

အဝေးပြေးကားလမ်းနဲ့ ဘူတာဈေးလည်း ရေမြုပ်နေပြီး လူတွေကတော့ ဘုန်းတော်ကြီး ကျောင်းနဲ့ ကုန်းမြင့်တွေမှာ ပြောင်းရွှေ့ နေထိုင် ကြလို့ ဒေသ အာဏာပိုင်တွေ ကလည်း ထမင်းထုပ်ဝေနေပြီး ကယ်ဆယ်ရေး လုပ်နေကြ ပါတယ်။

ပဲခူးဘူတာစျေးဟာ ရေမြှုပ်လို့ လှေနဲ့သွားလာ နေရတယ်လို့ ပဲခူး ဒေသခံတဦးက ဘီဘီစီကို ပြောပါတယ်။ စျေးသည်တွေ ကတော့ လောလောဆယ် ရန်ကုန်-မန္တလေး လမ်းမပေါ် တက်ပြီး စျေးရောင်း ကြတယ် လို့လည်း သူကပဲ ဆက် ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption ရေကြီးတော့ လူတွေ နေရေးထိုင်ရေးပါမက စားရေးသောက်ရေး စီးပွားရေး အခက်တွေ့

တရပ်ကွက်ကို အိမ်အလုံး၂၀ကျော်လောက် လုံးလုံးမြုပ်ပြီး သောကြာ ညနေပိုင်းက တက်လာတဲ့ ရေဟာ ပြန်မကျ သေးပါဘူး။ ရေဘေးဒဏ် ခံရသူတွေက အိမ်အမြင့် တွေမှာ ပြောင်းနေ ကြသလို၊ ကျွန်းသာယာ ရပ်ကွက် ကတော့ ရွှေနံ့သာ ဘုန်းတော်ကြီး ကျောင်းမှာ ခဏသွား ခိုနေ ရတယ်လို့ ပဲခူး ဒေသခံက ပြောပါတယ်။

ပဲခူးတိုင်းအတွင်း တာဝမြို့နယ်မှာလည်း လယ်မြေတွေ ရေမြုပ်နေသလို ဧရာဝတီတိုင်း ကျုံပျော် ကွမ်းခြံကုန်းနဲ့ ရခိုင်ပြည်နယ်မှာလည်း နေရာအနှံ့အပြား ရေကြီး ခဲ့ပါတယ်။ တခါ ရန်ကုန်တိုင်း ခရမ်း သုံးခွ မြို့နယ်တွေ ဘက်မှာလည်း ရေကြီးခဲ့တာကြောင့် စိုက်ပျိုးပြီးသား လယ်မြေနဲ့ လူနေအိမ်တွေ အပျက်အစီး များခဲ့တယ်လို့ သိရပါတယ်။