နောက်ဆုံး ရေးသားချိန် 25 ဇူလိုင်လ 2011 - 11:18 GMT

ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရသစ်တို့ ပထမဆုံး တွေ့ဆုံပြီ

DASSK U Aung Kyi

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲလုပ်

မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရကိုယ်စားလှယ် အလုပ်သမား ဝန်ကြီး ဦးအောင်ကြည်တို့ တနင်္လာနေ့ မွန်းလွဲပိုင်းက ရန်ကုန် စိမ်းလဲ့ကန်သာ အစိုးရ ဧည့်ရိပ်သာမှာ ၁ နာရီကျော်ကြာ တွေ့ဆုံခဲ့ကြပါတယ်။

အစိုးရသစ်တက်လာပြီးနောက် ဒေါ်အောင် ဆန်းစုကြည်နဲ့ အစိုးရ ကိုယ်စား လှယ်တို့ ပထမဆုံး တွေ့ဆုံကြ တာလည်း ဖြစ်ပါတယ်။

အစည်းအဝေးအပြီး ဝန်ကြီး ဦးအောင်ကြည်က ပူးတွဲကြေငြာချက်ကို ဖတ်ပြရာမှာ ''ပြည်သူ လူထု ကိုယ်စိတ်နှစ်ပါး ချမ်းသာစေရေးအတွက် နှစ်ဘက် ပူးပေါင်း ဆောင်ရွက် နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြပါသည်'' လို့ ပြောပါတယ်။

အဲဒီဆွေးနွေးချက်တွေထဲမှာ တရားဥပဒေစိုးမိုးရေးကိစ္စ၊ စိတ်ဝမ်းကွဲပြားမှု ပပျောက်ရေး ကိစ္စ၊ နဲ့ အများပြည်သူ အကျိုးဖြစ်ထွန်းစေမယ့် ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ပူးတွဲ ကြေငြာချက်မှာ ဖော်ပြပါတယ်။

ဒီအစည်းအဝေးအပေါ် နှစ်ဘက်စလုံးက ကျေနပ်အားရမှု ရှိကြပြီး နောက်ထပ်လည်း ထပ်မံ တွေ့ဆုံ ဆွေးနွေးဖို့ သဘောတူကြတယ်လို့လည်း ကြေငြာချက်မှာ ဖော်ပြပါတယ်။

စိမ်းလဲ့ကန်သာက ဆွေးနွေးပွဲအပြီး ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့က ပူးတွဲ သတင်းစာရှင်းလင်းပွဲလုပ်ရာမှာ ရန်ကုန်အခြေစိုက် နိုင်ငံခြားသတင်းဌာန သတင်း ထောက်တွေနဲ့ ပြည်တွင်းက ဂျာနယ်သတင်းထောက်တွေလည်း တက်ရောက် မေးမြန်းခွင့် ရခဲ့ပါတယ်။ ဒါပေမယ့် စုစုပေါင်း မေးခွန်း သုံးခုကိုသာ မေးမြန်းခွင့် ပြုခဲ့ပါတယ်။

ပိုမိုပူးပေါင်းဆောင်ရွက်လို

ဦးအောင်ကြည်ဟာ ၂၀၀၇ သံဃာ့အရေးအခင်းနောက်ပိုင်းမှာ အဲဒီတုန်းက နအဖအစိုးရ ဘက်ကနေ ဒေါ်အောင်ဆန်းစုကြည်နဲ့ လုပ်ငန်းတွေ ဆောင်ရွက်နိုင်အောင်လို့ ဆိုပြီး ဆက်ဆံရေးဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရသူ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တို့ တွေ့ဆုံတာဟာ အခုအကြိမ်ဟာ ၁၀ ကြိမ် မြောက်ဖြစ်ပြီး ပြီးခဲ့တဲ့ ၉ ကြိမ်မှာတော့ ထင်ရှားမြင်သာတဲ့ ရလာဒ်တွေ မထွက်ခဲ့ဘူးလို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။

ဒါပေမယ့် ဦးအောင်ကြည်ကတော့ ဒါကို ငြင်းဆိုခဲ့ပါတယ်။ အရင်အကြိမ်တွေတုန်းကလည်း ''အထိုက်အလျောက် အကျိုးကျေးဇူး ဖြစ်ထွန်းမှု'' ရှိတယ်လို့ ဆိုပြီး အခုအကြိမ်မှာလည်း အရင်အကြိမ်တွေထက် ပိုမို ပူးပေါင်းဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ကြောင့် သတင်း ထောက်တစ်ဦးရဲ့ အမေးကို ဦးအောင်ကြည်က ဖြေကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ''တိုင်းပြည်အတွက် အကျိုးဖြစ်စေမယ့် ရလာဒ်တွေကို မျှော်လင့်ပါတယ်'' လို့ သတင်းစာ ရှင်းလင်းပွဲမှာ ဖြေကြားခဲ့ပါတယ်။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။