နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ Burma Campaign UK တိုက်တွန်း

  • 26 ဇူလိုင် 2011
ဓာတ်ပုံ မူပိုင် BCUK
Image caption Burma Campaign UK က ဆန္ဒပြမှု

မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့နဲ့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးမှု ဖြစ်ပေါ်လာအောင် အစိုးရကို စည်းရုံးသိမ်းသွင်းရာမှာ နိုင်ငံတကာနဲ့အတူ ဦးဆောင် ကြိုးပမ်းပေးဖို့ ကုလသဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို ဗြိတိန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှု အဖွဲ့ Burma Campaign UK က ထပ်မံ တိုက်တွန်း လိုက်ပါတယ်။

Burma Campaign UK ကို ထောက်ခံသူ ၂၅ဝဝ ဆီက စာနဲ့ ပို့စကဒ်တွေကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဆီကို မနေ့က ပို့လိုက်ပါတယ်။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အလုပ်သမား ဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံခဲ့ပြီးတဲ့နောက် Burma Campaign UK ရဲ့ တိုက်တွန်းချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဦးအောင်ကြည်ဟာ ဆွေးနွေး ဆုံးဖြတ်ပိုင်ခွင့် ရှိတဲ့သူ မဟုတ်ဘဲ အရင်တုန်းက သူနဲ့ ဆွေးနွေးပွဲတွေက ရလဒ်ဘာမှ ထွက်မလာခဲ့သလို အစိုးရ အနေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ချင်တဲ့ စိတ်ရှိသယောင် နိုင်ငံတကာကို လှည့်စားနေတာသာ ဖြစ်တယ်လို့ Burma Campaign UK ရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။