ဒေါ်အောင်ဆန်း စုကြည်နဲ့ ဦးအောင်ကြည် တွေ့ဆုံမှု

  • 26 ဇူလိုင် 2011
dassk_aungkyi ဓာတ်ပုံ မူပိုင် AP
Image caption ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးအောင်ကြည်

မြန်မာအစိုးရ လက်ထက်မှာ ပထမဆုံး အကြိမ်အဖြစ် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ ပြည်ထောင်စု အစိုးရရဲ့ ဖိတ်ကြားချက် အရ အလုပ်သမား ဝန်ကြီးဌာနနဲ့ လူမှုကယ်ဆယ်ရေး ပြန်လည် နေရာချထားရေး ဝန်ကြီး ဦးအောင်ကြည်နဲ့ တွေ့ဆုံ အပြီးမှာ အပြုသဘော ဆောင်တဲ့ တွေ့ဆုံမှု အဖြစ် ထုတ်ပြန်ကြေညာ ပါတယ်။

အခုလို အပြုသဘောဆောင်တယ်လို့ နှစ်ဦးနှစ်ဘက်ပြောတဲ့ အပေါ်မှာ ဒေါ်အောင်ဆန်း စုကြည် အနေနဲ့ နိုင်ငံရေး သမား အဖြစ် အများပြည်သူ အကျိုး မျှော်ကိုးပြီး၊ ပြောပုံရလို့ ယုံကြည်ရမယ့် အပိုင်းမှာ ချင့်ချိန်ယုံဖို့ လန်ဒန်စီးပွားရေး တက္ကသိုလ်မှ ဒေါက်တာဇာနည် က ပြောပါတယ်။ လွန်ခဲ့တဲ့ လ ကပင်၊ ဒေါ်အောင်ဆန်းစုကြည် ကို သံတမန် တွေနဲ့ တွေ့ဆုံမှု၊ ပြည်ပ ကို မိန့်ခွန်းပို့မှု၊ ခရီးထွက်မှု စတာတွေ အပေါ်မှာ ချုပ်ချယ်မှု တွေ ပြုခဲ့ပြီး၊ အခုမှ ကောက်ခါငင်ခါ ဖိတ်ကြား တွေ့ဆုံမှု ဟာ အစိုးရရဲ့ အကျိုးခံစားမှု အတွက်လို့ ဒေါက်တာ ဇာနည်က ထောက်ပြပါတယ်။

လာမဲ့ ၂ဝ၁၄ ခုနှစ်မှာ အာဆီယံ အဖွဲ့ရဲ့ အလှည့်ကျ ဥက္ကဌ ရာထူး ကို လိုချင်လို့ သဘောထား ပျော့ပြောင်းလာ သယောင် လှည့်စားတာလို့ ဆိုပါသေးတယ်။ အစိုးရသစ်အနေနဲ့ ငွေရှိ၊ လက်နက် ရှိပေမယ့်၊ ကမ္ဘာ့ အလယ်မှာ နေရာယူဖို့ အတွက် ဒေါ်အောင်ဆန်းစုကြည် ရဲ့ကဏ္ဍ အရေးပါ လာပုံကြောင့်၊ အခုလို ဖိတ်ကြား တွေ့ဆုံတဲ့ အကြောင်း ဒေါက်တာဇာည် က ဘီဘီစီ ကို ပြောပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နဲ့ လက်တွဲလုပ်ကိုင်ဖို့ စေတနာပြချိန်ဟာ ၂ဝဝ၄ ခု နှစ်ပိုင်း၊ ဗိုလ်ချုပ်ကြီးခင်ညွန့် ရာထူးက မဖယ်ရှားခင်က ရှိခဲ့ဖူးကြောင်းလဲ ဒေါက်တာဇာနည်က ပြောပါ သေးတယ်။