ပဲခူး​ရေကျ​ပေ​မယ့် လှေ​နဲ့​သွားနေရဆဲ

  • 28 ဇူလိုင် 2011

၂၀၀၈ ခုနှစ် အခြေခံ ဥပဒေ အတည်မပြုခင် ရက်ပိုင်းအလိုမှာ မြန်မာပြည် အောက်ပိုင်းကို ဖြတ်သန်းတိုက်ခိုက်ခဲ့တဲ့ လူပေါင်းသိန်းချီ သေဆုံးခဲ့တဲ့ နာဂစ်မှာတောင် နိုင်ငံ့ခေါင်းဆောင်က ချက်ချင်း လာမကြည့်ဘဲ ပဲခူး ရေဘေးမှာတော့ သမ္မတ ချက်ချင်း ရောက်လာတဲ့အတွက် ရေဘေးဒဏ်သင့် ပြည်သူတွေ ဝမ်းမြောက် နေကြတယ်လို့ သိရပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption ဒုက္ခရောက်နေတဲ့ ပဲခူးဒေခံပြည်သူတွေက သမ္မတရောက်လာပြီး တွေ့တာကို ဝမ်းသာ

သမ္မတက ဆင်းရဲသား ပြည်သူတွေကို သေချာ လာတွေ့ပြီး အားပေး စကား ပြောတယ်၊ ရေကျ သွားလည်း စားဖို့ သောက်ဖို့ အဆင် ပြေအောင် ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် ဝယ်ပေးဖို့ ပဲခူး ဝန်ကြီးချုပ်ကို မှာကြား သွားတယ်လို့ ပဲခူး ဒေသခံ တဦးက ဘီဘီစီကို ပြောပါတယ်။

လက်ရှိ ပဲခူး ရေဘေး အခြေအနေကတော့ ကတ္တရာ လမ်းတွေမှာ ရေကျသွားခဲ့ပေမယ့် ရပ်ကွက်တွင်းမှာတော့ ရေတွေ ရှိနေဆဲ ဖြစ်တာမို့ လှေတွေနဲ့ သွားလာ နေရတယ်လို့ ပဲခူး ဒေသခံတွေက ဘီဘီစီကို ပြောပြပါတယ်။

ပဲခူးမြို့က ဘုန်းကြီးကျောင်း သုံးကျောင်းမှာ ဆိုလည်း ရေဘေးဒဏ်သင့် ပြည်သူတွေက ခိုလှုံနေဆဲ ဖြစ်ပြီး သူတို့တွေရဲ့ နေအိမ်တွေဆီ မပြန်နိုင်ကြသေးဘူးလို့ သိရပါတယ်။