ရွေးကောက်ပွဲကော်မှရှင်က ပါတီတွေကို တွေ့ဆုံ

  • 27 ဇူလိုင် 2011
ဓာတ်ပုံ မူပိုင် AP
Image caption ၉၀ ရွေးကောက်ပွဲကနေ NLD ကို အာဏာ လွှဲမပေး ရခြင်း အကြောင်းကိုလည်း ရှင်းပြ

ပြည်ထောင်စု ရွေးကောက်ပွဲကောက်မရှင် ဥက္ကဌ အသစ်ဖြစ်တဲ့ ဦးတင်အေးက ၂၀၁၀ ရွေးကောက်ပွဲဝင်ခဲ့တဲ့ ၃၇ ပါတီလုံးကို နေပြည်တော်ခေါ်ပြီး ဒီကနေ့ တွေ့ဆုံခဲ့ ပါတယ်။

မကြာခင်ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ တွေဟာ လွတ်လပ်ပြီး တရားမျှတ ရစေမယ်လို့ သူ့အနေနဲ့ ကတိပေးကြောင်း ကော်မရှင်ဥက္ကဌ ဦးတင်အေးက ပြောတယ်လို့ ဒီတွေ့ဆုံပွဲကို တက်ရောက်ခဲ့ အဲန်ဒီအက်ဖ်ပါတီ ဒုတိယဥက္ကဌ ဦးစိုးဝင်းက ပြောပါတယ်။

ရွေးကောက်ပွဲ အကြောင်းအပြင် ဦးတင်အေးက ၉၀ ခုနှစ်ရွေးကောက်ပွဲ ရလဒ်ကနေ အဲန်အယ်လ်ဒီ ကို အာဏာ လွှဲမပေးရခြင်း အကြောင်းနဲ့ လက်ရှိနိုင်ငံရေး အခြေအနေ တွေကိုပါ ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမှာနဲ့ ပတ်သက်ပြီး၊ နိုင်ငံရေးပါတီ တခုကို ၂ မိနစ် ဆွေးနွေးခွင့် ပေးခဲ့တယ်လို့လည်း သိရပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီက တင်ပြလာတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေးနဲ့ ကော်မတီဖွဲ့စည်းဖို့ ကိစ္စကိုတော့၊ ဒါဟာ လွှတ်တော်နဲ့သာ သက်ဆိုင်လိမ့်မယ်လို့ ကော်မရှင်ဥက္ကဌ ဦးတင်အေးက ပြောပါတယ်။

ဒီတွေ့ဆုံပွဲကို ၃၆ ပါတီက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။