ကေ​အိုင်​နယ်​မြေ​တွင်း မိုင်း​ဗုံးကွဲ

  • 27 ဇူလိုင် 2011

ဗုဒ္ဒဟူးည ၈ နာရီ မိနစ် ၂၀ လောက်က ရွှေကူမြို့နယ်အတွင်းရှိ ကေအိုင်အေ တပ်မဟာ ၂ တပ်ရင်း ၅ နယ်မြေအတွင်းမှာ မိုင်းထိပေါက်ကွဲမှု တခုဖြစ်ပွားခဲ့လို့ အစိုးရ စစ်တပ် ခလရ ၁၄၂ မှ အနည်းဆုံး တပ်ဖွဲ့ဝင်တဦး ထိခိုက် ဒဏ်ရာ ရသွားခဲ့တယ်လို့ ဘီဘီစီက စုံစမ်း သိရပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption ငြိမ်းချမ်းရေးစကားကို ပြောနေပေမယ့် တဖက်မှာလည်း တိုက်ပွဲဖြစ်လို့ ဗုံးတွေကွဲနေ

မြန်မာအစိုးရတပ်က ခလရ ၁၄၂ ရဲ့ တပ်ဖွဲ့ဝင် တချို့ဟာ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ကတည်းက လမ်းလုပ်ရန် အကြောင်းပြချက်နဲ့ ကေအိုင်အေ တပ်ရင်း ၅ နယ်မြေ အတွင်းမှာ ကေအိုင်အေ ထံက ခွင့်ပြုချက် တောင်းခံပြီး ရောက်ရှိနေခဲ့ ပါတယ်။

ဒါပေမဲ့ လမ်းကတော့ ဘာမှ မလုပ်ဖြစ်ခဲ့ဘဲ တပ်စွဲ နေရာယူထားသလို ဖြစ်နေခဲ့တယ် ကေအိုင်အေဘက် ဘီဘီစီကို ပြောပါတယ်။

တခါ ကေအိုင်အေ ရင်း ၅ ဖက်လည်း အစိုးရတပ်ဖွဲ့ဝင်တွေကို ဝိုင်းပတ် စောင့်ကြည့် နေခဲ့တာမှာ မနေ့ ဗုဒ္ဓဟူးညကတော့ ခလရ ၁၄၂ တပ်ဖွဲ့ဝင်တွေနဲ့ ခလရ ၁၄၁ တို့ တပ်ပြောင်း တပ်လွှဲ အလုပ်မှာ ကေအိုင်အေဖက်က ချထားတဲ့ မိုင်းကို နင်းမိပြီး ထိခိုက် ဒဏ်ရာ ရမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီတပ်ရင်း ၅ နယ်မြေအနီးကို အစိုးရတပ် ခမရ ၃၀၉ မှ တပ်ဖွဲ့ဝင်တချို့ကို ထပ်မံ ပို့လွှတ် တပ်ဖြည့်တာမျိုး အစိုးရတပ်ဘက်က လုပ်ဆောင်ခဲ့တဲ့အတွက် ကေအိုင်အေ ဖက်က အသင့်အနေအထားနဲ့ စောင့်ကြည့်နေပြီး၊ အချိန်မရွေး ထိပ်တိုက် တိုးမှုတွေ ဖြစ်ပေါ် လာနိုင်တယ်လို့ အေအိုင်အေက ဆိုပါတယ်။