အပစ် အခတ်ရပ်စဲရေး ဒေါ်အောင်ဆန်းစုကြည် တောင်းဆို

  • 28 ဇူလိုင် 2011
ဒေါ်စုနဲ့ ဝန်ကြီး ဦးအောင်ကြည် သတင်းထုတ်ပြန်စဉ် ဓာတ်ပုံ မူပိုင် Reuters
Image caption ဒေါ်စုနဲ့ ဝန်ကြီး ဦးအောင်ကြည် သတင်းထုတ်ပြန်စဉ်

ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်သမ္မတ အပါအဝင် ကချင် လွတ်မြောက်ရေးအဖွဲ့ ကရင်အမျိုးသား အစည်းအရုံး မွန်ပြည်သစ်ပါတီ နဲ့ရှမ်းပြည်တပ်မတော် တို့ကိုပုဂ္ဂိုလ် ရေးအရ ရေးရာမှာ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြား စစ်ပွဲတွေကြောင့် ဒေသခံတွေ အတိဒုက္ခ ရောက်နေကြပြီး အမျိုးသား ရင်ကြားစေ့ရေး ကိုစစ်ရေးနဲ့ တည်ဆောက်လို့ မရဘူးလို့ ဖေါ်ပြ ထားပါတယ်။

စစ်မှန်သော တိုင်းရင်းသား သွေးစည်း ညီညွတ်ရေးအတွက် နိုင်ငံရေးအရ ညှိနှိုင်း အဖြေရှာဖို့နဲ့ တိုင်းရင်းသား ပြည်သူတွေရဲ့အကျိုးစီးပွားကို ရှေးရှုပြီး အပစ်အခတ် ရပ်စဲကြဖို့ ပန်ကြားသွားပါတယ်။

ဒါ့အပြင် ဒေါ်စုကိုယ်တိုင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ကိုယ်စွမ်း ရှိသမျှ ပါဝင်ကြိုးပမ်းရန်အသင့် ရှိတယ်လို့ဆိုပါတယ်။

အခုအိတ်ဖွင့်ပေးစာမှာ ဒေါ်စုဟာ NLD ပါတီအနေနဲ့မဟုတ်ဘဲ ဘာကြောင့် ပုဂ္ဂိုလ်ရေးအရ ဆောင်ရွက်တာလည်းလို့ အဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးတင်ဦးကိုမေးရာမှာ ဒေါ်စုကိုပြည်တွင်းရော ပြည်ပကပါ အများက ကြည်ညို လေးစားပြီးလက်ခံလို့ အခုလို စေတနာ အရင်းခံနဲ့လုပ်တာဖြစ်တယ် ပါတီအနေနဲ့ဆိုရင် အစိုးရပိုင်းက သိပ်လက်ခံမဲ့ပုံ မပေါ်ဘူးလို့ ဆိုပါတယ်။ အစိုးရက ပါတီဆက်လက်ရပ်တည်ခွင့်အတွက် ဖိအားပေးတာကို ဒေါ်စုကလက်ခံတဲ့ သဘောလား လို့မေးရာမှာတော့ အစိုးရနဲ့ ဆွေးနွေးပွဲတွေမှာ ဒီအဆင့်တွေမရောက်ဘူးလို့ ဖြေသွားပါတယ်။

ဒီထုတ်ပြန်ချက်အပေါ် မွန် ကချင် နဲ့ရှမ်းတိုင်းရင်းသားအဖွဲ့တွေက ကြိုဆိုကြောင်း ပြောသွားပါတယ်။ မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူးနိုင်ဟံသာ ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းဆောင် တယောက်အနေနဲ့ တိုင်းရင်းသားတွေက လက်ခံနိုင်ကြောင်း တဖက်ကလည်း အစိုးရအဖွဲ့နဲ့ စစ်တပ်ကြားမှာ စစ်တပ်က စိတ်ဆန္ဒရှိဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ စစ်တပ်အပေါ်သြဇာ ပေးနိုင်မှာ မဟုတ်ဘူး လို့သူယူဆကြောင်း ဘီဘီစီကို ပြောသွားပါတယ်။