မြန်မာနဲ့ အိုမန်တို့ရဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ရပ်နားလိုက်ရ

  • 28 ဇူလိုင် 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption ၂၀၁၄ခုနှစ် ကမ္ဘာ့ဖလား၊ အာရှဇုန် ဒုတိယ အဆင့် ခြေစစ်ပွဲ ဖြစ်ပါတယ်

၂၀၁၄ခုနှစ် ကမ္ဘာ့ဖလား၊ အာရှဇုန် ဒုတိယ အဆင့် ခြေစစ်ပွဲ ဒုတိယ အကျော့ အဖြစ် မြန်မာအသင်းနဲ့ အိုမန်နိုင်ငံအသင်းတို့ ရန်ကုန် သုဝဏ္ဏ အားကစား ကွင်းမှာ ဒီကနေ့ ယှဉ်ပြိုင်ကစားကြရာ ပထမပိုင်း ပွဲစလို့ နာရီဝက်မှာဘဲ ပရိတ်သတ်ကို ထိန်းမရလို့ ပွဲရပ်လိုက်ရပါတယ်။

ညနေ ၃နာရီခွဲမှာ အိုမန်နဲ့ မြန်မာကန်တဲ့ ဘောလုံးပွဲစလို့ ပထမပိုင်း ၁၅ မိနစ်လောက်မှာ အိုမန်က ဗွေဆော်ဦးဂိုး သွင်းပြီး၊ နောက် ၁၅ မိနစ်အကြာမှာ ပယ်နယ်တီရလို့ ဒုတိယဂိုး ထပ်သွင်းပြီးတဲ့ နောက်မှာ မြန်မာပရိသတ်က ရေသန့်ဗူးတွေ၊ ဖိနပ်တွေ၊ ခဲတွေနဲ့ ပေါက်လို့ လုံခြုံရေး အဖွဲ့တွေ ထိန်းမနိုင် တော့တာကြောင့် ပွဲစဉ်ကို ရပ်နား လိုက်ရတာ ဖြစ်ပါတယ်။

ဆူပူနေတဲ့ အချိန်မှာဘဲ ဘောလုံးပွဲကြည့်နေတဲ့ ပရိတ်သတ် တဦးကို ဘီဘီစီက ဆက်သွယ် မေးကြည့်တော့ သူကအခုလို ရှင်းပြပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ပထမပိုင်းမှာပဲ မြန်မာအသင်းက ၂ ဂိုးရှုံးသွား ခဲ့ပါတယ်

'' နောက်ပိုင်းမှာ ပွဲက ကြမ်းလာပြီးတော့ ပရိတ်သတ်က ရေသန့်ဗူးတွေ ဘာညာ စပေါက် တာလုပ်တယ်ဗျာ။ နည်းပြတွေ ဘာတွေက ကွင်းလယ်ကိုဝင်ပြေးတယ်။ ဝင်ပြေးတော့ ပရိတ်သတ်က ပိုပြီးတော့ ဆူလာပြီးတော့ ရဲလုံခြုံရေးတိုးချတယ်။ ၁၅၀ နောက်ပြီးတော့ ၃၀ဝ နောက်ဆုံးတော့ ၅၀ဝ အထိတိုးချတယ် ဗျာ။ ပိုဆိုးသွားတယ်ဗျာ။ ဖြစ်တာက ပရိသတ်က ရဲတွေကိုပါပစ်တာ။ ဖိနပ်တွေနဲ့ပစ်တယ်။ အဲ့ဒါမျိုးတွေလုပ်လာတော့ ဒီမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ဦးဇော်ဇော်နဲ့ တိုင်းရဲမှူးကြီး အောင်သန်းတို့ကနေ ပရိသတ်ကို ကားနဲ့လိုက်ပြီးတော့ဗျာ ဒီမျိုးမလုပ်ပါနဲ့ဆိုပြီး လိုက်တောင်းပန်တယ်။ အဲ့လိုတောင်းပန်လေ ပိုဆိုးလေဖြစ်သွားတယ်။ ပရိတ်သတ်က အခုဖြစ်တာကတော့ဗျာ တဘက် ဘောလုံးအသင်းကို တိုက်ခိုက်တာမျိုး မဟုတ်ဘူးဗျ။ လုံခြုံရေးတွေတိုးချတော့ လုံခြုံရေးတွေကို ပြဿနာရှာတာပေါ့ဗျာ။ မကျေမနပ်ပုံစံမျိုးတွေဖြစ်တယ် ''

နောက်ဆုံး ရဲကားအစီး ၂၀ ကျော်နဲ့ လူနာတင်ကားတွေ ရောက်လာတာ တောင် ပရိသတ်က အော်ဟစ်ပြီး တွေ့ရာတွေနဲ့ ပစ်ပေါက်ကြတယ်လို့ ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ပရိတ်သတ်က ရေသန့်ဗူးတွေနဲ့ ပေါက်လို့ နည်းပြတွေ ကွင်းလယ်ကို ပြေးဝင်ခဲ့ရ

ဒီကနေ့ပွဲကို လာကြည့်တဲ့ ပရိတ်သတ်ဟာ ကွင်း လေးဘက်လေးတန်မှာ ပြည့်ကျပ်နေတဲ့ အတွက် တသိန်းဝန်းကျင်လောက် ရှိမယ်လို့သိရပါတယ်။

မြန်မာဘောလုံးအသင်းရဲ့ တာဝန်ရှိသူတွေကို ဘီဘီစီက ဆက်သွယ်ကြည့်တော့ ပရိသတ်ကို ထိမ်းမနိုင်လို့ ရပ်နားထားလိုက်ကြောင်း လောက်ပဲ ဖြေကြားပေးခဲ့ပါတယ်။

ခုလိုဖြစ်ရတာ ဘယ်လိုအကြောင်းတွေကြောင့် လဲ၊ မြန်မာဘောလုံးအသင်းအနေနဲ့ ဒေသတွင်း နိုင်ငံတွေမှာတောင် အောင်မြင်မှုမရဘဲ ဘာ့ကြောင့် ဒီလို ကမ္ဘာ့ဖလား ခြေစစ်ပွဲကို ဝင်ပြိုင်ရလဲလို့ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင်လည်းဖြစ် အားကစားကလောင်ရှင်လည်း ဖြစ်တဲ့ ဆရာခင်မောင်ထွေးကအခုလို ရှင်းပြပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption မြန်မာဘောလုံး အဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော် ကလည်း အခုလိုတောင်းပန်ခဲ့ပါတယ်

'' အခုဟာက ဒီနေ့ဖြစ်တာက ကျနော်တို့အသင်းနဲ့လည်း လုံးဝ မဆိုင်ဘူးလေနော်။ ဘောလုံးသမားတွေ ကြမ်းတာရမ်းတာကြောင့် မဟုတ်ဘူးဗျ။ ဒါက ဖီဖာပွဲတွေဗျာ။ ဖီဖာက ဘယ်လို အရေးယူမလဲဆိုတာ ကျနော်တို့ စောင့်ကြည့်ရလိမ့်မယ်။ ကျနော်တို့ ဖီဖာမန်ဘာရှစ် ကန်တဲ့ဟာက ဖီဖာက လုပ်တဲ့ အဲ့ဒီဝေါလ်ကပ် ကွာလီဖိုင်းရားတို့ ဖီဖာက လုပ်တဲ့ပွဲတွေ အိုလံပစ်ပေါ့ဗျာနော့် နိုင်ငံတကာ ပွဲတွေမှာ သူ့သက်ဆိုင်ရာ နိုင်ငံတွေက ဝင်ပြိုင်ပေးရတယ်။ အဲ့ဒါကြောင့် ပြိုင်တာပါ။ ရှုံးမယ်မှန်းတော့ သိတာပေါ့ဗျာ ဘယ်နိုင်မလဲ။ အများကြီးလုပ်ရ မှာ။ လုပ်ရမှာတော့ မပြောနဲ့။ ဒီအမည်းကွက်ကြီးက ဘယ်လို ဖျောက်ကြမလဲဆိုတာက စောင့်ကြည့်ရမှာပေါ့နော်။ အားလုံးပြုပြင်ရမှာပါ။ ''

မြန်မာအသင်းဟာ အိုမန် အသင်းကို ပထမ အကျော့ အဖြစ် အိုမန်ကွင်းမှာ ဇူလိုင် ၂၃ ရက်က ကစားစဉ်တုန်းကလည်း (၂) ဂိုး၊ ဂိုးမရှိနဲ့ ရှုံးခဲ့ပါတယ်။

ဒီပွဲမှာတော့ အရင် မြန်မာအသင်းရဲ့ နည်းပြချုပ် အသစ် ဆားဘီးယားလူမျိုး မီလန်ဇီဗာဒီနိုဗစ်က နုတ်ထွက်ပြီး မြန်မာနည်းပြ ဦးဆန်းဝင်းက ကိုင်တွယ်ခဲ့တယ်လို့ သိရပါတယ်။

အခုပွဲစဉ်မှာ အနိုင်ရမယ့်အသင်းကတော့ အာရှ ထိပ်သီးအသင်းတွေဖြစ်တဲ့ ဂျပန်၊ သြစတြေးလျ၊ တောင်ကိုရီးယား၊ ဘာရိန်း၊ မြောက်ကိုရီးယား အသင်းတွေ ပါဝင်မယ့် အုပ်စုအဆင့် ခြေစစ်ပွဲသို့ တက်လှမ်းနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။