ကလေးတွေ ရောင်းစားမှုနဲ့ အမျိုးသမီးတဦး အမှုရင်ဆိုင်

  • 29 ဇူလိုင် 2011
ဓာတ်ပုံ မူပိုင် Ap
Image caption အရွယ် မရောက်သေးတဲ့ ကလေးတွေ ရောင်းစား ခံနေရမှုတွေ များပြားလာနေ

ပဲခူးတိုင်း ပြည်မြို့နယ်ထဲမှာ အရွယ် မရောက် သေးတဲ့ ကလေးငယ်တွေကို စစ်တပ်နဲ့ ထမင်းဆိုင်တွေမှာ ရောင်းစား ခဲ့တယ် ဆိုတဲ့ အမျိုးသမီး တဦးရဲ့ အမှုကို ဒီကနေ့ ကြားနာ စစ်ဆေးဖို့ ရှိပါတယ်။

ပြည်မြို့နယ်ထဲမှာ မကြာသေးခင် လတွေ အတွင်း က အရွယ်မရောက်သေးတဲ့ မိန်းကလေး နဲ့ ယောင်္ကျားလေး ၈ဦးလောက် ပျောက်ဆုံးသွား ရာမှာ ကလေး မိဘတွေက လိုက်စုံစမ်းခဲ့ရာက နေ အခုလို အမှု ပေါ်ပေါက် ခဲ့တာပါ။

ပြည်မြို့ မင်္ဂလာဦး ရပ်ကွက်က ဒေါ်သန်းသန်းချိုရဲ့ သား အသက်၁၆နှစ် အရွယ် ကောင်းထက်မောင် ကို တရပ်ထဲနေ အမျိုးသမီးက အလုပ်ရှာပေးမယ် ဆိုပြီး လှည်းကူး မြို့က အမှတ် ၆၀၅ တပ်ရင်းမှာ ပို့ခဲ့ကြောင်း၊ တပတ်လောက် ကြာတဲ့အခါ မိဘတွေက ကလေးကို တပ်ထဲကနေ သွားပြန်ခေါ်တဲ့အခါ အဲဒီ အမျိုးသမီးက ငွေတသိန်း ယူပြီး ကလေးကို ထားခဲ့တယ် ဆိုတာကို သိရကြောင်း မိခင် ဒေါ်သန်းသန်းချိုက ဘီဘီစီကို ပြောပြပါတယ်။

နောက်တနေ့မှာလည်း အဲဒီ အမျိုးသမီးကပဲ မောင်ချစ်သဲပိုနဲ့ မမိုးမိုးခိုင်ဆိုတဲ့ အရွယ် မရောက်သေးသူ နှစ်ဦးကိုလည်း တဦးကို တပ်ထဲ ပို့ပြီး တဦးကို ထမင်းဆိုင်ကို ပို့ခဲ့တယ်လို့ ဆိုပါတယ်။

မောင်ချစ်သဲပိုကို အမြောက်တပ်တခုကို ပို့ပြီး ငွေတသိန်း ထုတ်သွားသလို မမိုးမိုးခိုင် ကိုတော့ ထမင်းဆိုင်မှာ ထားခဲ့ပြီး ငွေ ၅ထောင် ထုတ်သွားတယ်လို့ သိရပါတယ်။

မမိုးမိုးခိုင်ရဲ့ မိဘတွေက ငွေ၅ထောင်ပေးပြီး သမီးကို ပြန်ခေါ်လာနိုင်ပေမဲ့ အသက် ၁၅နှစ် အရွယ် မောင်ချစ်သဲပိုကိုတော့ အမြောက်တပ်ကနေ မိဘတွေ ပြန်ခေါ်ခွင့် ငြင်းဆန်ခံခဲ့ ရပါတယ်။

အခုအခါ မောင်ကောင်းထက်မောင်ရဲ့ မိခင်နဲ့ မမိုးမိုးခိုင်ရဲ့ မိခင်တို့က အဲဒီ အမျိုးသမီးကို တရားရုံးမှာ ဦးတိုက်လျှောက်ထားပြီး တရားစွဲထားရာမှာ ဘယ်လို ပုဒ်မနဲ့ အရေးယူမလဲ ဆိုတာ ဒီကနေ့ ကြားနာ စစ်ဆေးမှာ ဖြစ်ပါတယ်။