အန်အယ်ဒီ ကတရားစွဲမှာမို့ အာဏာ မလွှဲတာလို့ဆို

  • 29 ဇူလိုင် 2011
NLD ဓာတ်ပုံ မူပိုင် bbc
Image caption အစိုးရက အန်အယ်ဒီကို အာဏာလွှဲ ပေးရမယ့်အစား ဖိနှိပ်မှုတွေသာ ဆက်တိုက် လုပ်ခဲ့တာပါ

၁၉၉၀ ရွေးကောက်ပွဲ တုန်းက အပြတ် အသတ် အနိုင်ရ ခဲ့တဲ့ အန်အယ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို အာဏာ လွှဲမပေး တာဟာ စစ်တပ် ခေါင်းဆောင် တွေကို တရား စွဲမယ်လို့ အန်အယ်ဒီက ပြောခဲ့လို့ ဖြစ်တယ် ဆိုပြီး လက်ရှိ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြောလိုက် ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲ ဝင်ခဲ့တဲ့ ပါတီ ၃၇ ခုကို နေပြည်တော် မှာ မနေ့က ခေါ်ယူ တွေ့ဆုံတဲ့ ပွဲမှာ သူက ခုလို ဆိုခဲ့ တာပါ။

အစည်းဝေး နောက်ဆုံးပိတ် မိန့်ခွန်းတွေမှာ အဲဒီလို သူကထည့်သွင်း ပြောသွားခဲ့ကြောင်း အစည်းဝေး တက်ခဲ့တဲ့ ဒီမိုကရက်တစ် ပါတီ (မြန်မာ) ရဲ့ ဥက္ကဌ ဦးသုဝေက ပြောပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးဟောင်းဦးတင်အေးကခုလိုပြောလာတာဟာ စစ်အစိုးရကအာဏာကိုမလွှဲဘဲဆက်လက် ကိုင်စွဲထားခဲ့တာနဲ့ပတ်သက်လို့ နအဖ စစ်ခေါင်းဆောင် ဟောင်းတဦးကပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆို ခဲ့တာဖြစ်ပါတယ်။

ဒီပြောဆိုချက် နဲ့ ပတ်သက်ပြီး အန်အယ်ဒီ ပါတီ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက အလွန်လွဲမှားတဲ့ သဘောထား ဖြစ်တယ်၊ အဓိပ္ပါယ် မရှိတဲ့ စွပ်စွဲချက် သာဖြစ်တယ် လို့ ဆိုပြီး ပယ်ချ လိုက်ပါတယ်။

နအဖ ခေါင်းဆောင်တွေ အနေနဲ့ ဒီအပေါ်မှာ တကယ် စိုးရိမ်တယ် ဆိုရင် အန်အယ်ဒီနဲ့ တွေ့ဆုံ ဆွေးနွေးရင် ပြေလည် သွားမှာပါ လို့ ဦးဉာဏ်ဝင်း က ပြောပါတယ်။

ဦးသုဝေကလည်း ဒီပြောဆိုချက်ဟာ အာဏာလွှဲမပေးချင်တဲ့ အတွက် စစ်တပ်ဖက်က အကြောင်းပြချက် သက်သက်သာ ဖြစ်တယ်လို့ ယူဆကြောင်း ပြောခဲ့ပါတယ်။