မြန်မာ အစိုးရကိုယ်တိုင် ဟက်ကာတွေသုံးနေသလား

  • 30 ဇူလိုင် 2011
Image caption RSF နယ်စည်းမခြား သတင်းထောက်များ အသင်း

အမေရိကန် ပြည်ထောင်စု အခြေစိုက် အင်တာနက် ခြေရာခံကောက်တဲ့ ကုမ္ပဏီ Akamai က အခုနှစ် ပထမ သုံးလပတ် အတွက် ထုတ်ပြန်တဲ့ State of the Internet မှာ ကမ္ဘာလုံး ဆိုင်ရာ အင်တာနက် တိုက်ခိုက်မှုတွေ လုပ်ခဲ့တဲ့ နိုင်ငံစာရင်း ပါဝင်ပြီး မြန်မာနိုင်ငံက ထိပ်ဆုံးမှာ ရှိနေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အင်တာနက်တိုက်ခိုက်မှုတွေမှာ ထင်ရှားတာကတော့ DDos Attack ပါ။ DDoS Attack ဆိုတာက အွန်လိုင်းကနေ ဝက်ဘ်ဆိုက်တခုကို ကြည့်တဲ့သူတွေ ကြည့်မရတော့ အောင် အဲဒီ ဆိုက်ဒေါင်းအောင် လုပ်ပစ်လိုက်တာပါ။ Akamai ကုမ္ပဏီက ထုတ်ပြန်သလို မြန်မာက အင်တာနက် တိုက်ခိုက်မှု အများဆုံး ဆိုတာထက် သေချာ ပြောနိုင်တာကတော့ ပြင်သစ်နိုင်ငံ အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအသင်း RSF အဆိုအရ မြန်မာနိုင်ငံမှာ အစိုးရ အထောက်အပံ့ပြု ဟက်ကာတွေ ရှိတယ်ဆိုတာပါ။ နယ်စည်းမခြား သတင်းထောက်များအသင်းက အယ်ဒီတာချုပ် အရှီလော်ဒေက

"..မြန်မာ အစိုးရဆီမှာ ဟက်ကာ အုပ်စု တစုရှိတယ်လို့ ကျွန်တော်ထင်ပါတယ်၊ သူတို့က site တွေကို တိုက်ခိုက်တာ ဖြစ်သလို နောက်တခုက အင်တာနက်ကို နှေးအောင်လုပ်ပြီး ထိန်းချုပ်တာလည်း ရှိပါတယ်၊ အခုက မြန်မာက DDos Attack မှာ ထိပ်ဆုံးက ရှိနေတယ်ဆိုတော့ အံ့သြမိပေမယ့် ဒါတွေ လုပ်နိုင်ဖို့ဆိုတာက အင်မတန်တော်မှ ကျွမ်းမှ ဖြစ်မှာပါ၊ ကျွန်တော်တို့ သိထားတာက အစိုးရက မြန်မာပြည်မှာ အင်တာနက်ဝန်ဆောင်မှုပေးသူ ISP တွေ ထပ်တိုးပြီး အင်တာနက်ကို ထိန်းချုပ်ဖို့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နေတယ်ဆိုတာပါ ၊ သူတို့ အုပ်ချုပ်သူတွေကို မထိခိုက်စေဖို့ပါ"

တခါ DDoS Attack နဲ့ ပတ်သက်လို့ အစိုးရနဲ့ အတိုက်အခံတွေ အပြန်အလှန် စွပ်စွဲမှုတွေ ရှိနေတာနဲ့ ပတ်သက်လို့လဲ အရှီလော်ဒေက မြန်မာအစိုးရက ပြည်ပက ဟက်ကာတွေကို စွပ်စွဲပေမဲ့ သူတို့သိသလောက် DDoS Attack နဲ့ တိုက်ခိုက်ခံရတာက လွတ်လပ်တဲ့ မီဒီယာ တွေ ဖြစ်တဲ့ နိုင်ငံပြင်ပက ဝက်ဘ်ဆိုက်တွေဖြစ်တဲ့ ဧရာဝတီတို့၊ DVB တို့ ဖြစ်နေသလို တိုက်ခိုက်ခံရ တာက အစိုးရနဲ့ဆိုင်တဲ့ ဆိုက်တွေ မဟုတ်တာတွေ့ရတယ်လို့ ဆိုပါတယ်။

RSF က ပြီးခဲ့တဲ့မတ်လမှာ မြန်မာ နိုင်ငံ အင်တာနက် အခြေအနေနဲ့ ပတ်သက်ပြီး အစီရင်ခံစာ ထုတ်ထားခဲ့ပါတယ်။ DDoS Attack နဲ့ ပတ်သက်ပြီး ပြောရရင်တော့ ပြီးခဲ့တဲ့ မတ်လကနေ အခုထက်ထိ မြန်မာပြည်မှာ DDoS Attack ဖြစ်တယ်လို့ မကြားမိပါဘူးလို့ RSF နယ်စည်းမခြား သတင်းထောက်များအသင်း က အရှီလော်ဒေ ကဆိုပါတယ်။