တိုင်းရင်းသား အရေးနဲ့ ငြိမ်းချမ်းရေး ကော်မရှင်

  • 29 ဇူလိုင် 2011
KIA Burma fight ဓာတ်ပုံ မူပိုင် AP
Image caption ကေအိုင်အေနဲ့ အစိုးရ တိုက်ပွဲမှ သိမ်းဆီးရရှိ ပစ္စည်းများ

တိုင်းရင်းသား ပါတီ ငါးပါတီ ဖြစ်ကြတဲ့ ချင်း အမျိုးသား ပါတီ၊ ဖလုံစဝေါ ပါတီ၊ ရှမ်း အမျိုးသား များ ဒီမိုကရက်တစ်ပါတီ၊ ရခိုင် အမျိုးသား တိုးတက်ရေးပါတီ၊ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီ တို့ က ပြည်တွင်း ငြိမ်းချမ်းရေး ကော်မရှင် ဖွဲ့စည်းဖို့ တင်ပြ တောင်းဆိုခဲ့ ကြပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက ၂၀၁၀ ရွေးကောက်ပွဲ ဝင်ရောက် ခဲ့တဲ့ ပါတီတွေကို တွေ့ဆုံပြီး ကြားဖြတ်ရွေးကောက်ပွဲ နဲ့ ပတ်သက်ပြီး ဆွေးနွေး ပြောဆိုခဲ့ရာမှာ တိုင်းရင်းသား ငါးပါတီက လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေနဲ့ ပတ်သက်ပြီး ပြည်တွင်း ငြိမ်းချမ်းရေး ကော်မရှင် ဖွဲ့စည်း ဖို့ တင်ပြ တောင်းဆိုခဲ့ကြ တာဖြစ်ပါတယ်။

ကော်မရှင် ဥက္ကဌ ဦးတင်အေးကတော့ ဒါဟာ လွှတ်တော်နဲ့ သက်ဆိုင်တဲ့ ကိစ္စ သာ ဖြစ်တယ်လို့ ဆိုပါတယ်။

တိုင်းရင်းသား ငါးပါတီ အနေနဲ့ လွှတ်တော်မှာ လူနည်းစုသာ ဖြစ်တဲ့ အတွက် ပြည်ထောင်စု လွှတ်တော် ခေါ်ယူရေးကို တောင်းဆိုလို့ မရနိုင်ပါဘူး။ လွှတ်တော်မှာ အမတ်နေရာ အများစုပါဝင်တဲ့ ကြံ့ခိုင်ရေး ပါတီက သဘောတူညီမှသာ လွှတ်တော်ခေါ်ယူ နိုင်မှာ ဖြစ်ပါတယ်။

ဒီတော့ တိုင်းရင်းသား ငါးပါတီ အနေနဲ့ ပုံမှန် လွှတ်တော် ခေါ်ယူတဲ့ အချိန် ရောက်အောင် စောင့်ဆိုင်းပြီး ဆက်လက် တင်ပြ ဆွေးနွေး သွားမယ်လို့ ဆိုပါတယ်။

အရေးကြီးတဲ့ အခြေအနေ ပေါ်ပေါက်လာရင် တိုင်းရင်းသားတွေ လွှတ်တော် အမတ်နေရာ အများအပြား ရရှိထားတဲ့ ပြည်နယ် လွှတ်တော်တွေ ခေါ်ယူပြီး ဆွေးနွေး တင်ပြ သွားမယ်လို့လည်း ချင်းအမျိုးသား ပါတီရဲ့ ဥက္ကဌ ဦးပူးဇိုဇမ်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်ကို လည်း ဦးပူးဇိုဇမ်က ထောက်ခံတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်လောက်ကတည်းက ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ဆောင်ရွက်ခဲ့သင့်တယ်လို့ လည်း ဆိုပါတယ်။