ကရင်ဒေသမှာ စီမံကိန်းတွေ မလုပ်သင့်သေးကြောင်းKNU ပြော

  • 30 ဇူလိုင် 2011

ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွင်းမှာ ရင်းနှီး မြုပ်နှံမှု စီမံကိန်းတွေ တိုးချဲ့ လုပ်လာနေတာအပေါ် ကရင်အမျိုးသားများ အစည်းအရုံး KNU က စိုးရိမ်မကင်း ဖြစ်နေပြီး ဒီဒေသတွေဟာ တည်ငြိမ် အေးချမ်းမှု မရှိတဲ့အတွက် ဒီလို စီမံကိန်းတွေ မလုပ်သင့်သေးဘူးလို့ ဆိုပါတယ်။

Image caption တိုက်ပွဲတွေကြောင့် ဒေသခံတွေ နေအိမ် စွန့်ခွာ ထွက်ပြေးနေကြရ

သဘာဝ ပတ်ဝန်းကျင်ကို မထိခိုက်စေရေး၊ ဒေသခံတွေရဲ့ အသက်မွေး ဝမ်းကျောင်းမှုကို မနစ်နာစေရေးနဲ့ KNU ရဲ့ လုံခြုံရေးကို မထိပါး စေရေး ဆိုတဲ့ အချက်၃ချက်ပါ KNUရဲ့ ပေါ်လစီ တွေအရ အခုလို ပြောဆိုခြင်း ဖြစ်တယ်လို့ KNU အထွေထွေ အတွင်းရေးမှူး နော်ဇီပိုးရာ စိန်က ဘီဘီစီကို ပြောပါတယ်။

အဲဒီ ဒေသတွေမှာ စီမံကိန်းတွေ လုပ်ခြင်းအား ဖြင့် လုံခြုံရေးအတွက်ဆိုပြီး အစိုးရ တပ်တွေ စစ်အင်အား တိုးချဲ့လာမှာ၊ ဒေသခံတွေ နေအိမ် စွန့်ခွာပေးရမှာတွေ ရှိလာမှာကို စိုးရိမ်နေတယ်လို့ ဆိုပါတယ်။

အစိုးရတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ လုပ်ချင် လုပ်နိုင်ပေမဲ့ KNU ထိန်းချုပ်ရာ နယ်မြေတွေကို ဖြတ်ပြီး လုပ်မဲ့ စီမံကိန်းတွေကိုတော့ KNU ရဲ့ ပေါ်လစီ ဥပဒေတွေအတိုင်း လိုက်နာ ဆောင်ရွက်ပြီး KNU နဲ့ ညှိနှိုင်း လုပ်သင့်တယ်လို့ နော်ဇီပိုးရာစိန်က ပြောပါတယ်။

လောလောဆယ်မှာ ဒေသတွင်း ငြိမ်းချမ်းမှု ရမဲ့ အလားအလာ မတွေ့ရသေးကြောင်း၊ KNU အနေနဲ့ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ အတွက်သာ လက်နက်ကိုင်စွဲနေတာ ဖြစ်ပြီး အပစ်အခတ် ရပ်စဲရေးအတွက် အစဉ်တစိုက် တောင်းဆိုနေတာ ဖြစ်ကြောင်း ပြောပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အစိုးရ အကြား ငြိမ်းချမ်းရေး ရနိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်က ကြားဝင် စေ့စပ်ပေးမယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ကမ်းလှမ်းခဲ့တာ အပေါ် KNU က ကြိုဆိုကြောင်း၊ ဒါပေမဲ့ ငြိမ်းချမ်းရေး ရရေးဟာ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရသစ်အပေါ် အများကြီး တည်နေကြောင်း KNU အထွေထွေ အတွင်းရေးမှူး နော်ဇီပိုးရာစိန်က ဘီဘီစီကို ပြောပါတယ်။